၁၁ ဇူလိုင် ၂၀၂၄

အိန္ဒိယနိုင်ငံဟာ ကမ္ဘာကြီးထံ “ ဗုဒ္ဓ” ကို ပေးအပ်ခဲ့တာဖြစ်ပြီး  “ယုဒ္ဓ” ကိုမပေးခဲ့ဘူးလို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ  ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၀) ကပြောကြားခဲ့ပါတယ်။ “ယုဒ္ဓ” ဆိုတာ သက္ကတ ဘာသာစကားဖြစ်ပြီး စစ်ပွဲများလို့ အနက်အဓိပ္ပါယ်ရတာဖြစ်ပါတယ်။
ဆိုလိုတာက  အိန္ဒိယဟာ ငြိမ်းချမ်းရေးနှင့်ကြွယ်ဝချမ်းသာရေးကိုသာ အမြဲတမ်းပေးနေတာဖြစ်လို့ ၂၁ရာစုမှာ နိုင်ငံရဲ့ အခန်းကဏ္ဍဟာ တောင့်တင်းခိုင်မာလာနေတာဖြစ်တယ်လို့ပြောပါတယ်။

ဗီယင်နာမှာရှိတဲ့ အိန္ဒိယလူမျိုးအသိုက်အဝန်းကို မိုဒီက တွေ့ဆုံမိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ပြီး  အိန္ဒိယဟာ အကောင်းဆုံး၊အထူးချွန်ဆုံးနှင့် အကြီးမားဆုံးတွေရရှိဖို့နှင့်အမြင့်မားဆုံးမှတ်တိုင်တွေစိုက်ထူဖို့ ဦးတည်ဆောင်ရွက်နေတယ်လို့လည်း ပြောလိုက်ပါတယ်၊။

“ နှစ်ပေါင်းထောင်ချီတုန်းက ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ဗဟုသုတနှင့်အတွေ့အကြုံတွေကို မျှဝေပေးခဲ့တယ်။ ကျွန်တော်တို့ ယုဒ္ဓကို မပေးခဲ့ဘူး။ ကျွန်တော်တို့ “ဗုဒ္ဓ” ကိုပေးခဲ့တယ်။ အိန္ဒိယဟာ ငြိမ်းချမ်းရေးနှင့်ကြွယ်ဝရေးကိ အမြဲတမ်းပေးတယ်။ အဲဒါကြောင့် အိန္ဒိယ အခန်းကဏ္ဍဟာ ၂၁ရာစုမှာ တောင့်တင်းခိုင်မာလာနေတာဖြစ်တယ်” လို့ သူကပြောပါတယ်။

မိုဒီဟာ မော်စကိုမှာ ရုရှားသမ္မတဗလက်ဒီမာ ပူတင်နှင့်တွေ့ဆုံပြီးနောက် ဩစတြီးယားသို့ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။  မိုဒီက ယူကရိန်းပဋိပက္ခအတွက် ငြိမ်းချမ်းတဲ့အဖြေရှာဖို့အရေးကြီးကြောင်း ပူတင်နှင့်တွေ့ဆုံစဉ် အထူးတလည်ပြောကြားခဲ့ပါတယ်။

Source PTI

@knl/ymg