#World_News
Published 03 July 2024

▪️ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြီးခဲ့တဲ့ ကြာသပတေးနေ့ သမ္မတလောင်း စကားရည်လုပွဲမှာ အကောင်းဆုံး မယှဉ်ပြိုင်နိုင်ခဲ့တာကို အင်္ဂါနေ့မှာ ဝန်ခံလိုက်ပြီး ဇွန်လအစောပိုင်းတွေတုန်းက နိုင်ငံခြားခရီးစဉ် ၂ ခုသွားပြီးနောက် ခရီးပန်းနေခဲ့တာကို အပြစ်တင်လိုက်ပါတယ်။

 

▪️ အဆိုပါ စကားရည်လုပွဲမှာ တုန်တုန်လှုပ်လှုပ်ဖြင့် ပြောဆိုမိခဲ့ရာမှာ ၂၀၂၄ ရွေးကောက်ပွဲ ထပ်မံယှဉ်ပြိုင်ဖို့နဲ့ ပတ်သက်ပြီး လူအများက မေးခွန်းထုတ်လာကြသလို အောက်လွှတ်တော် ဒီမိုကရက်တစ်အမတ်တစ်ဦးဆိုရင် ဘိုင်ဒင်ကို သမ္မတရွေးကောက်ပွဲမှ နုတ်ထွက်ဖို့အထိ လူသိရှင်ကြား တောင်းဆိုခဲ့ပါတယ်။

 

▪️ ဘိုင်ဒင်က သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ စကားရည်လုပြိုင်ရာမှာ အဆင်မပြေခဲ့ဘူးလို့ ဗာဂျီးနီးယား မက်လင်းမှာပြုလုပ်တဲ့ စည်းရုံးရေးပွဲတစ်ခုမှာ ဝန်ခံပြောကြားလိုက်တာ ဖြစ်ပါတယ်။

 

▪️ "အဲဒီညက အကောင်းဆုံး မပြောနိုင်ခဲ့ပါဘူး။ ဒါကလည်း သိကြတဲ့အတိုင်းပါပဲ။ ကျုပ်က စကားပြောမကြွယ်ဘူးလေ။ စကားရည်လုပွဲ မတိုင်ခင် ကမ္ဘာပတ်ပြီး ခရီးသွားခဲ့သေးတယ်" လို့ ရန်ပုံငွေပွဲမှာ ပြောကြားသွားပါတယ်။



▪️ ဝန်ထမ်းတွေပြောတာကို နားမထောင်ဘဲ ပြန်လာရာကနေ စင်ပေါ်မှာ အိပ်ငိုက်လုနီးနီး ဖြစ်ခဲ့ကြောင်း၊ ဆင်ခြေပေးတာ မဟုတ်ပေမယ့် ရှင်းပြတာဖြစ်ကြောင်း ဆိုပါတယ်။

 

▪️ ဘိုင်ဒင်ဟာ ပြီးခဲ့တဲ့လက အချိန် ၂ ပတ်ခြားပြီး ပြင်သစ်နဲ့ အီတလီတို့ထံ ခရီးသွားရောက်ခဲ့ကာ အီတလီ ဘာရီမြို့မှာ ကျင်းပတဲ့ ဂျီ-၇ ထိပ်သီးအစည်းအဝေးကနေ ညတွင်းချင်းလေယာဉ်စီးပြီး ဝါရှင်တန်သို့ ပြန်မရောက်ခင် လော့စ်အိန်ဂျလိစ်မှာ သမ္မတဟောင်း ဘာရက်အိုဘားမားနဲ့အတူ ရန်ပုံငွေပွဲတစ်ခုသို့ တက်ရောက်ခဲ့ပါတယ်။

 

▪️ စကားရည်လုပွဲမှာ ဘိုင်ဒင်ကောင်းစွာ မစွမ်းဆောင်နိုင်ခဲ့တာကို အိမ်ဖြူတော်အရာရှိများက အအေးမိနေလို့ဆိုပြီး အကြောင်းပြကြပါတယ်။

 

▪️ စကားရည်လုပွဲပြီးနောက် ရိုက်တာမှ စစ်တမ်းကောက်ယူချက်တစ်ခုအရ ဒီမိုကရက်တစ် ၃ ဦးလျှင် တစ်ဦးနှုန်းက ဘိုင်ဒင်ဟာ ရွေးကောက်ပွဲထပ်မံ မယှဉ်ပြိုင်သင့်တော့ဘူးလို့ ထင်မြင်နေကြပေမယ့် ထရမ့်နဲ့ယှဉ်ပြိုင်ဖို့ရာ ဘိုင်ဒင်ထက်သာတဲ့ အခြားအထင်ကရ ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းလည်း မရှိပါဘူး။

 

▪️ နှစ်ရက်တာ စစ်တမ်းကောက်ယူချက်အရ ထရမ့်နဲ့ဘိုင်ဒင်တို့ဟာ မဲပေးသူ ၄၀ ရာခိုင်နှုန်းရဲ့ ထောက်ခံမှုကို ရရှိထားကာ စကားရည်လုပွဲပြီးနောက်မှာလည်း ဘိုင်ဒင်အနေနဲ့ သိသိသာသာ ဆုံးရှုံးတာမျိုး မရှိဘူးလို့ ယူဆရပါတယ်။

 

#Source: Reuters