#World_Health
Published 02 July 2024


▪️ စမ်းသပ်ချက်တစ်ခုမှာ ကက်တမင်း(Ketamine) ဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးတဲ့ ဆေးတွေဟာ စိတ်ဓာတ်ကျဝေဒနာ ပြန်လည်ခံစားရခြင်းကို ကာကွယ်နိုင်တယ်လို့ တွေ့ရှိလာပြီး ရောဂါပြင်းထန်တဲ့သူတွေအတွက် ကုသနည်းအသစ်တစ်မျိုး ဖြစ်လာဖွယ်ရှိပါတယ်။

 

▪️ သာမန်သမားရိုးကျ စိတ်ကျရောဂါကုဆေးများ၊ ကုသနည်းများ အသုံးမဝင်တဲ့အခါ ကက်တမင်းကို အသုံးပြုနေကြပါတယ်။

 

▪️ ဒါပေမဲ့ လက်ရှိမှာ ကက်တမင်းကို သွေးကြောထဲ ဆေးထိုးသွင်းတဲ့နည်းလမ်း တစ်မျိုးတည်းသာရှိနေပြီး ဆေးရုံဆေးခန်းမှာ ကြပ်မတ်အသုံးပြုနေရပါတယ်။

 

▪️ စမ်းသပ်မှုကြီးပြုလုပ်စဉ် အကျိုးကျေးဇူးများပါက ကက်တမင်းဆေးပြားများကို ဈေးသက်သာစွာဖြင့် အိမ်မှာပင် လွယ်ကူစွာ အသုံးပြုနိုင်မှာဖြစ်ပြီး ဘေးထွက်ဆိုးကျိုးလည်း နည်းသွားနိုင်တယ်လို့ သုတေသီများ ဆိုပါတယ်။

 

▪️ ရလဒ်က သိပ်ပြီးမသေချာပေမယ့် အသုံးဝင်နိုင်မယ့်နယ်ပယ်က ကြီးမားလွန်းတယ်လို့ ကင်းစ်ကောလိပ်လန်ဒန်မှ ပရော်ဖက်ဆာ အယ်လန်ယန်းက ပြောပြပါတယ်။

 

▪️ ကက်တမင်း ဖြည်းဖြည်းချင်း ထုတ်လွှတ်တဲ့နည်းလမ်းက ဆေးကိုခန္ဓာကိုယ်အတွင်းသို့ ၁၀ နာရီအတွင်း ထုတ်လွှတ်ပေးသွားမှာ ဖြစ်ပါတယ်။

 

▪️ ကုသနည်းက ပိုမိုထိရောက်ရန်နဲ့ ဘေးထွက်ဆိုးကျိုးတွေ လျော့နည်းသွားဖို့ မျှော်မှန်းထားကြတာ ဖြစ်ပါတယ်။
ပါဝင်စမ်းသပ်ခံသူ ၂၃၁ ယောက်ထဲမှာ ၁၆၈ ယောက်က ရောဂါလက္ခဏာ သိသိသာသာ လျော့နည်းသွားပါတယ်။
ဘေးထွက်ဆိုးကျိုး များများစားစားမရှိခဲ့ဘဲ ဆေးပမာဏများတဲ့ သူတွေမှာတော့ အာနိသင်ရှိသလို မူးဝေတာမျိုးလည်း ရှိခဲ့ပါတယ်။

 

▪️ ဒါဟာ သမားရိုးကျဆေးတွေနဲ့ အလုပ်မဖြစ်တဲ့ စိတ်ကျဝေဒနာလူနာ သန်းပေါင်းများစွာအတွက် နည်းလမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

 

▪️ ကက်တမင်းကို ဆေးထိုးသွင်းတဲ့နည်းလမ်းအတိုင်း အာနိသင်ရပြီး ရေရှည်မှာ ဘေးကင်းမယ်ဆိုရင် အလွန်အကျိုးရှိမှာဖြစ်တယ်လို့ အောက်စ်ဖို့ဒ်ကျန်းမာရေး NHS မှ စိတ်ကျန်းမာရေးပညာရှင် ဒေါက်တာ ရူပတ်မက်ရှိန်းက ပြောပြသွားပါတယ်။

 

▪️ ကက်တမင်းကို သောက်သုံးတဲ့ ဆေးဝါးအဖြစ်နဲ့ဆိုရင် အာဟာရစုပ်ယူခြင်းနဲ့ ဇီဝဖြစ်စဉ်တို့မှာ တစ်ဦးနဲ့တစ်ဦး ကွာခြားသွားနိုင်တာကို သတိပြုရမှာဖြစ်ကာ ဆေးပမာဏဘယ်လောက် လိုအပ်နိုင်သလဲဆိုတာကို နောက်ထပ်သုတေသန ပြုလုပ်သွားရမှာဖြစ်တယ်လို့ ဒေါက်တာ ပေါလ်ကိဒ်ဝဲလ်က ဆိုပါတယ်။

 

#Source: The Guardian