#World_News
Published 26 June 2024


▪️ ကင်ညာနိုင်ငံမှာ အခွန်တိုးမြှင့်ကောက်ခံရေး ဥပဒေကြမ်းကို ဆန္ဒပြကြရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ကြပြီးနောက် တိုင်းပြည်လုံခြုံရေးကသာ ပထမဦးစားပေးဖြစ်တယ်လို့ ကင်ညာသမ္မတ ဝီလျံရူတိုက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

 

▪️ လွှတ်တော်အဆောက်အအုံထဲ ဝင်ရောက်သောင်းကျန်းဖို့ ကြိုးစားနေတဲ့ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်ရာမှ အနည်းဆုံးလူ ၅ ဦးသေဆုံးခဲ့ပါတယ်။

 

▪️ မြို့တော်နိုင်ရိုဘီမှာ ဆူပူကြမ်းရမ်းမှုတွေ ဖြစ်ပျက်ခဲ့ပြီး ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့အင်အားထက် ပိုမိုများပြားခဲ့ကာ ရဲတွေနောက်ကနေလိုက်ရင်း လွှတ်တော်ဝန်းထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ပုံတွေ၊ အဆောက်အအုံအတွင်း အချို့နေရာမှာ မီးလောင်ကျွမ်းသဖြင့် ထိခိုက်ပျက်စီးထားပုံတွေကို Citizen TV ရုပ်သံမှ ပြသခဲ့ပါတယ်။

 

▪️ နိုင်ငံအနှံ့ အခြားမြို့တွေမှာလည်း ဆန္ဒပြမှုတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေ ရှိခဲ့ပြီး လူအများအပြားက အခွန်တိုးမြှင့်ကောက်ခံခြင်းကို ဆန့်ကျင်ဖော်ထုတ်ကြသလို သမ္မတရူတိုကိုလည်း ရာထူးမှနုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

 

▪️ ဒီလိုမျိုး ပုန်ကန်တဲ့ လုပ်ရပ်တွေကို အမြန်ဆုံးတုန့်ပြန်သွားမယ်လို့ ရူတိုက အသေအချာ ပြောကြားသွားပါတယ်။
ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ လူစုခွဲဖို့ကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်တဲ့နောက် သေနတ်ပစ်ခတ်ခဲ့ပါတယ်။

 

▪️ ဆန္ဒပြသူတွေကို လွှတ်တော်အဆောက်အအုံကနေ တဖြည်းဖြည်း ရှင်းထုတ်နိုင်ခဲ့ပြီး လွှတ်တော်အမတ်တွေလည်း မြေအောက်လှိုဏ်ခေါင်းကနေ လွတ်မြောက်သွားခဲ့တယ်လို့ ဒေသတွင်းမီဒီယာက ဆိုပါတယ်။

 

▪️ ကင်ညာဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ အဆိုအရ အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ပြီး ၃၁ ဦးဒဏ်ရာရခဲ့ကြောင်း၊ ကျည်ဆံအစစ် ၁၃ ချက်နဲ့ ရော်ဘာကျည် ၄ ချက် တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

 

▪️ ကင်ညာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါဘေး၊ ယူကရိန်းစစ်ပွဲဘေး၊ ၂ နှစ်ဆက်တိုက် မိုးခေါင်ရေရှားမှုဘေး၊ တိုင်းပြည်ငွေကြေးတန်ဖိုး ကျဆင်းမှုဘေးတို့ ကြုံတွေ့နေရကာ စီးပွားရေးအလွန်ကြပ်တည်းနေပါတယ်။

 

▪️ တိုင်းပြည်ရဲ့ အကြွေးတွေကို လျှော့ချရန် ရည်ရွယ်ကာ ဒေါ်လာ ၂.၇ ဘီလီယံကို အခွန်အဖြစ် ကောက်ခံသွားဖို့ ဥပဒေကြမ်းကို အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

 

▪️ အမေရိကန်က ကင်ညာရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါတယ်။

 

▪️ အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားနဲ့ ညီမတော်စပ်ပြီး ကင်ညာနိုင်ငံရေး လှုပ်ရှားသူ အူမာအိုဘားမားလည်း မျက်ရည်ယိုဗုံးဖြင့် လူစုခွဲခံရတဲ့ ဆန္ဒပြသူတွေထဲ ပါဝင်ခဲ့တယ်လို့ CNN အင်တာဗျူးမှာ မြင်တွေ့ရပါတယ်။

 

▪️ ပါလီမန်လွှတ်တော်က ဥပဒေကြမ်းကို အတည်ပြုလိုက်ပြီး ဥပဒေပြဌာန်းနိုင်ဖို့အတွက် သမ္မတလက်မှတ် ရေးထိုးဖို့သာ ကျန်ပါတော့တယ်။

 

#Source: Reuters