၂၃ ဇွန် ၂၀၂၄

ဂျပန်ပြည်သူတွေရဲ့ ၁၀.၄ ရာခိုင်နှုန်းကသာ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါကို လာမယ့် စက်တင်ဘာမှာကျင်းပမယ့် ဘစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်ရွေးကောက်ပွဲမှာ အနိုင်ရပြီး ဝန်ကြီးချုပ်ဆက်လုပ်စေချင်တော့တယ်လို့ ကျိုဒိုသတင်းဌာနရဲ့ နောက်ဆုံး လူထုသဘောထားစစ်တမ်းအရသိရကြောင်း ဇွန် ၂၃ ရက် တနင်္ဂနွေနေ့က သတင်းဖော်ပြ ပါတယ်။

စနေနေ့မှ စတင်ပြီး နိုင်ငံအနှံ့ဖုန်းဖြင့် နှစ်ရက်တာ စစ်တမ်းကောက်ယူရာမှာ ကီရှီဒါဝန်ကြီးအဖွဲ့အပေါ် အတည်ပြုပေးတဲ့နှုန်း ကလည်း မေလက ၂၄.၂ရာခိုင်နှုန်းရှိခဲ့ရာမှ (၂)ရာခိုင်နှုန်းကျဆင်းကာ ၂၂.၂ ရာခိုင်နှုန်းသာရှိပါတော့တယ်။ဒါဟာ သူ့ရဲ့ မူဝါဒ စီမံခန့်ခွဲနေမှုတွေအပေါ် ဂျပန်ပြည်သူတွေက မကျေနပ်မှုကိုဆက်လက်ပြသနေတာပဲဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ကီရှီဒါအစိုးရအဖွဲ့အပေါ် အတည်မပြုတော့တဲ့ရာခိုင်နှုန်းက ယခင်အတိုင်းပဲ ၆၂.၄ ရာခိုင်နှုန်းဆက်ရှိနေ ပါတယ်။

ကီရှီဒါကို လူကြိုက်မများနေမှုတွေကြားထဲမှာ  ၃၆.၆ ရာခိုင်နှုန်းက သူတို့အနေနှင့် ကီရှီဒါကို ဝန်ကြီးချုပ်ရာထူးကနေ မြန်နိုင် သမျှခပ်မြန်မြန်ဆင်းပေးစေချင်နေကြပါတယ်။

၇၈.၉ ရာခိုင်နှုန်းသော စစ်တမ်းထဲကပြည်သူတွေက ပြီးခဲ့တဲ့အပတ်တုန်းက ဂျပန်ပါလီမန်က အတည်ပြုခဲ့တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုရန်ပုံငွေစည်းမျည်းတွေဟာ  နိုင်ငံရေးထဲ ပါနေတဲ့ ပိုက်ဆံပြဿနာတွေကို ရှင်းနိုင်မှာမဟုတ်ပါဘူးလို့ပြောနေ ကြပါတယ်။

ကီရှီဒါဦးဆောင်တဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအပေါ် ထောက်ခံမှုကလည်း ၂၆.၅ ရာခိုင်နှုန်းသာရှိပါတယ်။ ဒါပေမယ့် ယခင်စစ်တမ်းထက်တော့ ၁.၈မှတ်တက်လာပါတယ်။

အခြားပါတီတွေလည်း ထောက်ခံမှုကျဆင်းနေပြီး ဘယ်နိုင်ငံရေးပါတီမှမကြိုက်သူတွေကတော့ ၃၄.၈ ရာခိုင်နှုန်းသို့ တက်လာပါတယ်။

စစ်တမ်းကို မဲပေးခွင့်ရှိကြတဲ့ အိမ်ထောင်စု ၅၁၂ခုရဲ့ မိုဘိုင်းလ်ဖုန်းနံပါတ် ၂၆၂၄ ခုသို့ ခေါ်ဆိုခဲ့ပြီး မေးမြန်းခဲ့တာဖြစ်ပါတယ်။  အဲဒီအထဲက အိမ်ထောင်စု ၄၃၁ခုမှ မိုဘိုင်းလ်ဖုန်း ၆၂၅ခုက ပြန်လည်တုန့်ပြန်ပေးခဲ့ပါတယ်။

Source Kyodo News