၁၆ ဇွန် ၂၀၂၄

◼️ဆွစ်ထိပ်သီးဆွေးနွေးပွဲကို ရုရှားမပါဘဲ နိုင်ငံပေါင်း ၉၀ကျော်တက်

◼️အနာဂတ်ဆွေးနွေးပွဲများတွင် ရုရှားပါမပါ မသေမချာ

◼️အဆုံးသတ်ပူးတွဲကြေညာချက်အပေါ် အချို့နိုင်ငံများက မကြိုက်

◼️ယူကရိန်းက ရုရှား ရာဇသံကို ပယ်ချ

◼️ရုရှားက ဆွေးနွေးပွဲအတွက်အသင့် သို့သော် အာမခံပေးသူများလိုအပ်ဟုပြော

ဆွစ်ထိပ်သီးဆွေးနွေးပွဲတွင် ဇွန် ၁၆ ရက် တနင်္ဂနွေနေ့က အနောက်အင်အားကြီးနိုင်ငံများနှင့် အခြားနိုင်ငံ များက ယူကရိန်း၌ဖြစ်ပွားနေသည့် စစ်ပွဲကို မည်သို့အဆုံးသတ်မည်ဆိုသည့်အပေါ် အများသဘောတူညီ ချက်တစ်ခုရရှိရန် တွန်းနေသော်လည်း အချို့နိုင်ငံများက အပြီးသတ်ကောက်ချက်များကို ထောက်ခံရန် ငြင်းဆန်ဖွယ်ရှိကောင်းရှိနိုင်သဖြင့် မသေမချာမရေရာဖြစ်နေပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇီလင်စကီး တောင်းပန်ချက်အရ နိုင်ငံပေါင်း ၉၀ ကျော်ဟာ ဆွစ်ဇာလန် နိုင်ငံ ဆွစ်အယ်လ်ပိုင်း အပန်းဖြေစခန်းမှာကျင်းပတဲ့ နစ်ရက်ကြာဆွေးနွေးပွဲတက်ရောက်နေပါတယ်။

ရုရှားကို မဖိတ်ကြားခဲ့သလို ရုရှားကလည်း သူတက်မှာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်းငြင်းဆန်ထား ခဲ့ပါတယ်။ ရုရှားက ဒီထိပ်သီးနွေးနွေးပွဲမှာ အချိန်သက်သက်ဖြုန်းတာတစ်ခုလို့ပြောပါတယ်။ တရုတ်နိုင်ငံ ကလည်း ဒီပွဲကိုမတက်ခဲ့ပါဘူး။

ဒီကွန်ဖရင့်ဟာ မဟာမိတ်တွေဆီက ယူကရိန်းဟာ ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံမှုရနေဆဲဆိုတာနှင့်  ရှည်ကြာနေတဲ့အပစ်အခတ်ရပ်စဲရေး စိန်ခေါ်မှုတွေကို ပြသနေပါတယ်။ အနောက်ရဲ့အကူအညီတွေ နှောင့်နှေးခဲ့လို့ ယူကရိန်းတပ်တွေဟာ အရှုံးနှင့်ရင်ဆိုင်နေရပြီး ရုရှားဟာယူကရိန်းရဲ့ ၂၀ရာခိုင်နှုန်းခန့်ကို ယခုထိန်းချုပ်ထားပါတယ်။

ရိုက်တာသတင်းဌာနကရရှိတဲ့ ဇွန်၁၃ရက်စွဲပါ ငြိမ်းချမ်းရေးမူကြမ်းမှာ ဇာပိုရစ်ဇား နျူကလီးယားစက်ရုံ ယူကရိန်းထိန်းချုပ်ဖို့ နှင့် ယင်းရဲ့ အာဇော့ပင်လယ်ဆိပ်ကမ်းကို ပြန်ပေးဖို့တောင်းဆိုထားပါတယ်။

ဒါပေမယ့် စစ်ပွဲအပြီးမှာ ယူကရိန်းဟာဘယ်လိုပုံစံရှိမလဲ၊ နေတိုးမဟာမိတ်အဖွဲ့ ဝင်နိုင်မှာလား နှစ်ဖက် တပ်တွေ ဘယ်လိုဆုတ်ကြမလဲဆိုတာတွေကို ချန်လှပ်ထားခဲ့ပါတယ်။

ဆွေးနွေးပွဲရဲ့ သဘောထားကြေညာချက်စာတမ်းဟာ တစ်ခဲနက်ထောက်ခံမှုရဖို့ မဖြစ်နိုင်လောက်ဘူးလို့ ဩစတြီးယား အဓိပတိ ကာလ်နီဟာမာက ပြောပါတယ်။

ယခုကျင်းပနေတဲ့ ထိပ်သီးဆွေးနွေးပွဲကနေ ဒုတိယအကြိမ်ဆွေးနွေးပွဲကျင်းပမယ့် နိုင်ငံကြေညာကောင်း ကြေညာနိုင်ပါတယ်။ ဆော်ဒီအာရေဗျဖြစ်ဖို့များတယ်လို့ သူကပြောပါတယ်။အဲဒီမှာလုပ်မယ့်ဆွေးနွေးပွဲ ဟာ ဘယ်လိုပုံစံဖြစ်မလဲ ရုရှားပါလာမှာလားဆိုတာလည်း ပြောဖို့စောသေးတယ်လို့ သူကပြောပါတယ်။

“ကျွန်တော့်အမြင်ပြောရရင် ပူးတွဲကြေညာချက်မှာ လူတိုင်းကတော့ လက်မှတ်ထိုးကြမှာမဟုတ်ဘူး။ စကားလုံးတွေရွေးချယ်မှုအပေါ် မေးခွန်းတွေထုတ်နေကြတယ်။ လူတိုင်းလက်မှတ်မထိုးပေမယ့် အားလုံး ရဲ့တူညီတဲ့ရပ်တည်ချက်က စစ်ပွဲဟာ အဆုံးသတ်ရမယ် ဆိုတာပဲ” လို့ သူကပြောပါတယ်။

အမေရိကန်ဒုသမ္မတ ကာမာလာဟာရစ်၊ဂျာမန်အဓိပတိ အိုလက်ဖ်ရှိုးနှင့် ပြင်သစ်သမ္မတ အီမန်နျူယယ် မာခရွန်တို့ဟာဘာဂျင်စတော့ခ် တောင်ပေါ်စခန်းမှာ စုရုံးကြပြီး စစ်ပွဲပြီးဆုံးရေဥးအတွက် နိုင်ငံတကာ ထောက်ခံမှုများလာအောင် စည်းရုံးနေတာဖြစ်ပါတယ်။

အနောက်ခေါင်းဆောင်တော်တော်များများက ကျူးကျော်မှုကိုရှုတ်ချပြီး ရုရှားသမ္မတ ပူတင်ရဲ့  ငြိမ်းချမ်းရေးအတွက် ယူကရိန်းရဲ့အစိတ်အပိုင်းတွေတောင်းဆိုတာကို ပယ်ချခဲ့ကြပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာကတော့က အပြီးသတ်ပူးတွဲကြေညာချက်ကို တနင်္ဂနွေ နေ့နှောင်းပိုင်းမှာ ထုတ်ပြန်မယ်လို့သတင်းထောက်တွေကိုပြောပြီး ကြေညာချက်ပါစာသားတွေဟာ မျှတ မှုရှိကြောင်းပြောပါတယ်။

အချို့ခေါင်းဆောင်တွေကတော့ စောစောပြန်သွားကြပါတယ်။ တနင်္ဂနွေနေ့မှာ သူတို့ဟာ နျူကလီး   ယားနှင့် စားနပ်ရိက္ခာလုံခြုံရေး၊စစ်အကျဉ်းသားများပြန်လွှဲရေးနှင့် ပဋိပက္ခအတွင်းမှ ကလေးငယ်များကို ဖယ်ထုတ်ရေးတွေပါဝင်ဖို့ ဦးတည်နေပါတယ်။

“ ငြိမ်းချမ်းရေးဖိုရမ်တက်တဲ့တစ်ယောက်မှ သူ့ကိုယ်သူဘာလုပ်နေသလဲ ဘယ်အခန်းကဏ္ဍကပါနေသလဲ ဆိုတာ သေသေချာချာမသိကြဘူး” လို့ ရုရှားသမ္မတဟောင်း ယခုရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ လုပ်နေတဲ့ ဒီမစ်ထရီ မက်ဗီဒေါ့က ပြောပါတယ်။

အိမ်ရှင်အဖြစ်ကျင်းပတဲ့ ဆွစ်ဇာလန်ကိုယ်၌က ဝေဖန်မှုတွေရင်ဆိုင်နေရပါတယ်။ ဆွစ်ဇာလန်ရဲ့ လက်ယာပါတီ ဆွစ်ပြည်သူ့ပါတီ(အက်စ်ဗွီပီ)က နီလ်ဖက်ရှာဟာ ရုရှားရုပ်သံ Russia Today မှာ ပေါ်  လာပြီး ယခုထိပ်သီးဆွေးနွေးပွဲကို “ ဟာသ” ကြီးလို့ ပြောလိုက်ပါတယ်။

ဒီဆွေးနွေးပွဲဟာ ဆွစ်ဇာလန်ရဲ့ ကြားနေရပ်တည်ချက်ကို လျော့ပါးအောင်လုပ်ပစ်လိုက်တာပဲလို့ သူက ဝေဖန်လိုက်ပြီး ရုရှားဟာ စားပွဲမှာ ထိုင်ခုံတစ်နေရာရရမယ်လို့လည်းပြောလိုက်ပါတယ်။

Source Reuters