Published 11 June 2024

ဂါဇာကမ်းမြောင်မှာ အစ္စရေးလ်နဲ့ ဟားမတ်စ်စစ်သွေးကြွတို့ကြား အပစ်အခတ် ရပ်စဲရေးအတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် တင်ပြထားတဲ့ အဆိုပြုချက်တစ်ခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တနင်္လာနေ့မှာ ထောက်ခံလိုက်ပြီး ၈ လကြာမြင့်နေပြီဖြစ်တဲ့ စစ်ပွဲအဆုံးသတ်ရေး အဆိုပြုချက်ကို လက်ခံရန် ဟားမတ်စ်တို့ကို တိုက်တွန်းလိုက်ပါတယ်။

ဟားမတ်စ်တို့က အမေရိကန်မှ မူကြမ်းရေးဆွဲတဲ့ ဖြေရှင်းဆုံးဖြတ်ချက်ကို လိုက်နာကျင့်သုံးဖို့ ကြိုဆိုလိုက်ပြီး ဒီအစီအစဉ်ရဲ့ စည်းမျဉ်းတွေက အရပ်သားတွေ အလိုရှိတဲ့အတိုင်း ကိုက်ညီနေတာကြောင့် စေ့စပ်ညှိနှိုင်းသူများနဲ့ ပူးပေါင်းရန် အသင့်ဖြစ်နေတယ်လို့ ကြေညာလိုက်ပါတယ်။

အပစ်အခတ်ရပ်စဲရေး အဆင့် ၃ ဆင့်ပါတဲ့ ဘိုင်ဒင်ရဲ့ အဆိုပြုချက်ကို ကုလလုံခြုံရေးအဖွဲ့ဝင် ၁၄ နိုင်ငံက ထောက်ခံမဲပေးခဲ့ကာ ရုရှားကနေ ကြားနေအဖြစ်သာ ရှိခဲ့ပါတယ်။

ဒီကနေ့မှာ ငြိမ်းချမ်းရေးလမ်းစဉ်အတွက် မဲပေးခဲ့ကြတာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ပြောပြသွားပါတယ်။

ကုလရဲ့ ဖြေရှင်းဆုံးဖြတ်ချက်က ဟားမတ်စ်တို့ လက်ခံရန် တောင်းဆိုထားသလို နှစ်ဖက်စလုံးအနေဖြင့် ခြွင်းချက်မရှိ နှောင့်နှေးခြင်းမရှိဘဲ အချက်အလက်များအတိုင်း အပြည့်အဝလိုက်နာဖို့ တိုက်တွန်းလိုက်ပါတယ်။

ကုလလုံခြုံရေးကောင်စီရဲ့ တစ်ဦးတည်းသော အာရပ်နိုင်ငံဖြစ်တဲ့ အယ်လ်ဂျီးရီးယားက ဒါဟာ ချက်ချင်းအပစ်အခတ် ရပ်စဲရေးကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်တာကြောင့် ထောက်ခံလိုက်တာဖြစ်ကြောင်း အယ်လ်ဂျီးရီးယား သံအမတ် အေမာဘင်ဂျာမာက ဆိုပါတယ်။

ပါလက်စ်တိုင်းတို့အတွက် မျှော်လင့်ချက်လေးတစ်ခု ဖြစ်ပြီး အခုအချိန်မှာ သတ်ဖြတ်တာတွေ ရပ်သင့်ပြီလို့ ပြောပြသွားပါတယ်။

ဖြေရှင်းဆုံးဖြတ်ချက်အရ ပထမအဆင့်အတွက် ညှိနှိုင်းခြင်းက အချိန် ၆ ပတ်ကျော် ကြာမြင့်တယ်ဆိုရင် ဆက်လက်ညှိနှိုင်းနေသရွေ့ အပစ်အခတ်ရပ်စဲရေးလည်း ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို အာရပ်တွေကလည်း ထောက်ခံနေတာကြောင့် မပိတ်ပင်လိုဘူးလို့ ရုရှားသံအမတ် ဗာဆယ်လီနက်ဘင်ဇီယာက ပြောပါတယ်။

အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့က အပစ်အခတ်ရပ်စဲရေးအတွက်  ကြားဝင်စေ့စပ်ပေးနေတာ ကြာပြီဖြစ်ပါတယ်။

အစ္စရေးလ်တို့က ဟားမတ်စ်တို့ဖမ်းဆီးထားတဲ့ ဓားစာခံတွေ လွှတ်ပေးရေးကို အလိုရှိနေကာ ဟားမတ်စ်တို့ကတော့ ဂါဇာကမ်းမြောင်ကနေ အစ္စရေးလ်စစ်တပ် ဆုတ်ခွာပေးဖို့ အလိုရှိနေပါတယ်။
Source: Reuters
#World_News
#Published_11 June 2024
#YMG #Yangon_Times #Yangon_Media_Group