#World_News
Published 10 June 2024


▪️ တောင်ကိုရီးယားဘက်မှ နယ်စပ်နားမှာ လော်စပီကာများဖြင့် အသံလွှင့်ဝါဒဖြန့်ခြင်း၊ လက်ကမ်းစာစောင် ဖြန့်ကျဲခြင်းများ ဆက်လက်ပြုလုပ်နေပါက နောက်ထပ်တုန့်ပြန်မှုတစ်မျိုး ဆောင်ရွက်ရလိမ့်မယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျုံက တနင်္ဂနွေနေ့မှာ သတိပေးလိုက်ကြောင်း မြောက်ကိုရီးယား KCNA သတင်းဌာနမှ ဖော်ပြလိုက်ပါတယ်။

 

▪️ တောင်ကိုရီးယားဟာ တနင်္ဂနွေနေ့က မြောက်ကိုရီးယားဘက်သို့ ဦးတည်ကာ လော်စပီကာများဖြင့် အသံလွှင့်ခြင်းကို ပြန်လည်စတင် ပြုလုပ်ခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။

 

▪️ ဒီမတိုင်ခင်မှာ မြောက်ကိုရီးယားဘက်က အမှိုက်သရိုက်များ ချိတ်ဆွဲထားတဲ့ ပူစီဖောင်းများ တောင်ကိုရီးယားဘက်သို့ လွှတ်နေခြင်းကို ရပ်တန့်ရန် သတိပေးခဲ့ပါသေးတယ်။

 

▪️ ဒါဟာ အလွန်အန္တရာယ်များတဲ့ အခြေအနေ အစပျိုးလာတာ ဖြစ်တယ်လို့ အာဏာရ အလုပ်သမားပါတီရဲ့ လက်ထောက်ညွှန်ကြားရေးမှူးလည်း ဖြစ်သူ ကင်မ်ယိုဂျုံက ပြောသွားပါတယ်။

 

▪️ စနေနေ့က မြောက်ကိုရီးယားဘက်ကနေ အမှိုက်များချိတ်ဆွဲထားတဲ့ ပူစီဖောင်း ၃၃၀ ခန့်ကို စတင်လွှတ်ခဲ့ရာ ပူစီဖောင်း ၈၀ လောက် နယ်စပ်ကျော်လာပြီး ကျခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပြီး စိတ်ဓာတ်စစ်ဆင်ရေးအနေဖြင့် အသံလွှင့်စည်းရုံးခြင်းများ ပြန်လည်ပြုလုပ်လာတာ ဖြစ်ပါတယ်။

 

▪️ မေလတုန်းက တောင်ကိုရီးယားဘက်ကနေ ဝါဒဖြန့်ချိရေး လှုပ်ရှားမှုအဖြစ် မြောက်ကိုရီးယား ဆန့်ကျင်ရေး လက်ကမ်းစာစောင်များကို ဖြန့်ကျဲခဲ့ရာမှာ မြောက်က လက်စားချေတဲ့အနေနဲ့ အမှိုက်များ ချိတ်ဆွဲထားတဲ့ ပူစီဖောင်းများကို တောင်ဘက်သို့ လွှတ်တင်ခဲ့ပါတယ်။

 

▪️ လက်ကမ်းစာစောင်ဖြန့်ခြင်းနဲ့ လော်စပီကာ အသံလွှင့်ခြင်းတို့ကို မြောက်ကိုရီးယားက အပြင်းထန်ဆုံး တုန့်ပြန်ခဲ့ပြီး လော်စပီကာတွေကို သေနတ်နဲ့ပစ်တာမျိုး ရှိခဲ့ပါတယ်။

 

▪️ ၂၀၁၈ ခုနှစ် ကိုရီးယားနှစ်ဖက်ခေါင်းဆောင်များ သဘောတူလက်မှတ်ရေးထိုးချက်အရ တောင်ကိုရီးယားက အသံလွှင့်ဝါဒဖြန့်ခြင်းကို ရပ်ဆိုင်းခဲ့ပေမယ့် မြောက်ကိုရီးယားက လက်နက်များ အရှိန်မြှင့် ထုတ်လုပ်နေတာကြောင့် နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်လာခဲ့ပါတယ်။

 

▪️ တောင်ကိုရီးယားဘက်က အသံလွှင့်ရာမှာ ဒီမိုကရက်တစ်၊ အရင်းရှင်စနစ်နဲ့ ပတ်သက်လို့ ကမ္ဘာ့ရေးရာ သတင်းတွေ၊ အချက်အလက်တွေ အကြောင်းကို နာမည်ကျော် ကေပေါ့သီချင်းများနဲ့ ရောနှောထားတာတွေ ပါဝင်ပါတယ်။

 

▪️ လွှင့်လိုက်တဲ့အသံက မြောက်ကိုရီးယားဘက် ၂၀ ကီလိုမီတာကျော်အထိ ရောက်ရှိမယ်လို့ ယူဆရပါတယ်။

 

#Source: Reuters