၇ ဇွန် ၂၀၂၄

အိန္ဒိယရဲ့ နာရင်ဒရာမိုဒီကို ယနေ့ ဇွန်လ ၇ရက်နေ့ သောကြာနေ့မှာ သူ့ရဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် ( အင်န်ဒီအေ)ရဲ့ အမတ်တွေက ဝန်ကြီးချုပ်အဖြစ် တရားဝင်တင်မြှောက်လိုက်ကြတဲ့အတွက်  သူဟာ တတိယသက်တမ်းဝန်ကြီးချုပ်အဖြစ် သမိုင်းဝင်သွားပါတယ်။ ယခုဆိုကမ္ဘာ့ လူဦးရေအထူထပ်ဆုံးအိန္ဒိယ နိုင်ငံဟာ ညွန့်ပေါင်းအုပ်ချုပ်တဲ့အစိုးရတစ်ခုအဖြစ် ပြန်လည်ရောက်ရှိသွားရတာလည်းဖြစ်ပါတယ်။

မိုဒီဟာ ဒီနေ့နှောင်းပိုင်းမှာ သမ္မတ ဒရိုပါဒီမာမူးနှင့်တွေ့ဆုံပြီး အစိုးရအဖွဲ့သစ်ဖွဲ့စည်းဖို့တင်ပြဖို့ရှိတယ်လို့ ပြောရေးဆိုခွင့်ရသူကပြောပါတယ်။ သူဟာ တနင်္ဂနွေညနေခင်းမှာ ကျမ်းသစ္စာကျိန်ဆိုဖို့ရှိမယ်လို့လည်း သူက ပြောပါတယ်။

မိုဒီရဲ့ ဘီဂျေပီပါတီဟာ အစိုးရဖွဲ့ဖို့ ဒေသဆိုင်ရာပါတီတွေနှင့် ထောက်ခံချက်ရယူရတာ ဆယ်စုနှစ်တစ်စု အတွင်း ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ သူ့ပါတီဟာ အစိုးရဖွဲ့ဖို့ အမတ်နေရာ ၂၇၂ နေရာ လိုအပ်ခဲ့တာ ပါ။

အင်န်ဒီအေဟာ လော့ခ်ဆာဘာလို့ခေါ်တဲ့ အောက်လွှတ်တော်အမတ်နေရာ ၅၄၃ နေရာထဲမှာ ၂၉၃နေရာ နိုင်ခဲ့ပါတယ်။ ရာဟူးဂန္ဒီရဲ့ စင်ထရစ်ကွန်ဂရက် ပါတီက နေရာ၂၃၀ကျော်နိုင်ခဲ့ပြီး ခန့်မှန်းထာထက်  ပိုနိုင်ခဲ့ တာဖြစ်ပါတယ်။

ဘီဂျေပီနှင့် တီဒီပီနှင့် ဂျန်နာတာဒါ(ယူနိုက်တက်)ပါတီတွေပါဝင်တဲ့ ယင်းရဲ့မဟာမိတ်တွေက မိုဒီကို ခေါင်းဆောင်အဖြစ် ကန့်ကွက်သူမရှိဘဲ တစ်ခဲနက်မဲပေးခဲ့ကြတာပါ။

မိုဒီရဲ့အမည်ကို ရာထူးစွန့်လွှတ်တော့မယ့် ကာကွယ်ရေးဝန်ကြီး ရာနက်ဆင်းက တင်သွင်းခဲ့ပြီး တာဝန်ပြီးဆုံး တော့မယ့် ဝန်ကြီးတွေနှင့် မဟာမိတ်ပါတီခေါင်းဆောင်တွေက ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။

အမတ်အသစ်တွေနှင့် မဟာမိတ်အဖွဲ့တွေရဲ့ ဝါရင့်ခေါင်းဆောင်တွေက မိုဒီကို တစ်ခဲနက်ထောက်ခံကြပြီး မိုဒီ မိုဒီလို့ ပါလီမန်အဆောက်အဦဟောင်းရဲ့ ဗဟိုခန်းမအတွင်း ဟစ်ကြွေးခဲ့ကြပါတယ်။ ဘီဂျေပီက နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ပြည်ထဲရေးနှင့်ဘဏ္ဍာရေး အဓိကဝန်ကြီးဌာနလေးခုကိုရယူဖို့ရှိနိုင်ပြီး မဟာမိတ်တွေက အောက်လွှတ်တော်ဥက္ကဋ္ဌနေရာ မျက်စေ့ကျနေကြပါတယ်လို့ အိန္ဒိယမီဒီယာတွေက သတင်းရေးသားကြပါ တယ်။

Source Reuters