#World_Health
Published 07 June 2024


▪️ အချိန်ကြာကြာ ရေချိုးတာထက်စာရင် ရေတစ်ပုံးစာ မြန်မြန်ရေချိုးခြင်းက နှင်းခူရောဂါအတွက် သင့်လျော်တယ်လို့ ကျွမ်းကျင်သူများ ဆိုပါတယ်။

 

▪️ နှင်းခူရောဂါက အရေပြားရောင်ရမ်းတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် အရေပြား အလွန်ခြောက်သွေ့တဲ့အခါ နီမြန်းရဲတက်လာတာ ဖြစ်ပါတယ်။

 

▪️ ရောဂါကို သေချာမထိန်းချုပ်ရင် ယားယံခြင်း၊ ခြောက်သွေ့ခြင်း၊ နီမြန်းခြင်း၊ အကွက်ထခြင်း၊ အဖုပေါက်ခြင်းနဲ့ ကူးစက်မှုအမျိုးမျိုး ဖြစ်စေနိုင်ပါတယ်။

 

▪️ နှင်းခူရောဂါဖြစ်စေတဲ့ အကြောင်းအရင်းရယ်လို့ မရှိပေမယ့် စိတ်ဖိစီးမှု၊ ပတ်ဝန်းကျင် အခြေအနေ၊ မျိုးရိုးလိုက်ခြင်းနဲ့ ကိုယ်ခံအားစနစ် တုန့်ပြန်လွန်းခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။

 

▪️ အရေပြား အလွန်အမင်း ခြောက်သွေ့ခြင်းမျိုး မဖြစ်စေရန် ရေချိုးတဲ့ပုံစံကို သတိပြုရမှာ ဖြစ်ပါတယ်။

 

▪️ ရေချိုးစဥ် ဆပ်ပြာတိုက်တဲ့အခါ အရေပြားပေါ်က အဆီအချို့ ပါသွားကြောင်း၊ ပါသွားတဲ့ အဆီပမာဏ နည်းစေရန်အတွက် မြန်မြန်ဆန်ဆန် တိုက်ချွတ်သန့်ရှင်းရန် အရေးကြီးကြောင်း စီကေဘာလာဆေးရုံမှ အရေပြားဆရာဝန် ဒေါက်တာ ဆီမာအိုဘရွိုင်လောလ်က ပြောပြပါတယ်။

 

▪️ ရေတစ်ပုံးစာ ရေမြန်မြန်ချိုးခြင်းက အချိန်ကုန်သက်သာရုံမက အရေပြားကို ရေဓာတ်ထိန်းပေးပါတယ်။

 

▪️ ရေပန်းဖြင့် ဇိမ်ခံရေချိုးခြင်းက စိတ်ပြေလျော့စေနိုင်ပေမယ့် အရေပြားပြဿနာကို ပိုမိုဆိုးရွားစေပါတယ်။

 

▪️ ရေနွေးဖြင့်ချိုးခြင်း၊ အလွန်အကျွံ တိုက်ချွတ်ခြင်း၊ ရေပန်းဖြင့်ချိုးခြင်းတို့က သဘာဝအဆီများ ကွာသွားစေကြောင်း၊ အရေပြားခြောက်သွေ့တဲ့အခါ နှင်းခူလက္ခဏာများ ပိုမိုဆိုးရွားစေကြောင်း၊ ရေချိုးချိန်ကို ၃ - ၅ မိနစ်သာ သတ်မှတ်သင့်ကြောင်း ဟိုလီဖမ်မလီဆေးရုံမှ အရေပြားအထူးကု ဒေါက်တာ ပါရူလ်ခေါ့က ပြောပြပါတယ်။

 

▪️ ရေအေးက နှင်းခူကြောင့် ယားယံခြင်းကို သက်သာစေတယ်လို့ ဒေါက်တာ ဒီဝါလီဘာ့ဒ်ဝက်ဂျ်က ဆိုပါတယ်။

 

▪️ ကြာကြာရေချိုးခြင်းက အရေပြားကို လျင်မြန်စွာ ခြောက်သွေ့စေတယ်လို့ ဒေါက်တာ ဒစ်ဗ်ယာရှာမာက ဖော်ပြထားပါတယ်။


အရေပြား ရေဓာတ်ထိန်းပေးတဲ့ အခြားနည်းလမ်းတွေထဲမှာ သန့်ရှင်းတဲ့ ရေလဲသဘက် အသုံးပြုခြင်း၊ ရေချိုးခန်းကို လေဝင်လေထွက်ကောင်းအောင် ထားခြင်း၊ ဆပ်ပြာတုံး ရှောင်ရှားခြင်းတို့ ပါဝင်ပါတယ်။

 

▪️ အရေပြားတိုက်ချွတ်ခြင်းကို အားမပေးသလို ရေချိုးပြီးတဲ့အခါ အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးဖို့ အကြံပြုကြပါတယ်။

 

#Source: India Today