#World_News
Published 06 June 2024


▪️ အမေရိကန်နဲ့ ဥရောပမဟာမိတ်နိုင်ငံများအနေနဲ့ ရုရှားနိုင်ငံထဲသို့ အနောက်တိုင်းမှ တာဝေးပစ်လက်နက်များဖြင့် ယူကရိန်းပစ်ခတ်နိုင်အောင်ခွင့်ပြုပါက ထိုနိုင်ငံများကို ပစ်ခွင်းနိုင်တဲ့ အကွာအဝေးအတွင်း သမားရိုးကျဒုံးကျည်များ ဖြန့်ကျက်ထားရှိသွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ပါတယ်။

 

▪️ ယူကရိန်းစစ်ပွဲ စတင်ပြီးနောက်ပိုင်း ပူတင်က နိုင်ငံတကာ သတင်းမီဒီယာများမှ အကြီးတန်း အယ်ဒီတာများနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ရုရှားဟာ နျူကလီးယား လက်နက်တွေ အသုံးပြုမှာ မဟုတ်ဘူးလို့ အနောက်တိုင်းနိုင်ငံတွေ ယူဆရင် မှားသွားမှာဖြစ်ကြောင်း၊ ရုရှားရဲ့ နျူကလီးယားလမ်းစဥ်ကို လျှော့မတွက်သင့်ကြောင်း ပြောကြားသွားပါတယ်။

 

▪️ အနောက်တိုင်းလက်နက်များဖြင့် ရုရှားနိုင်ငံထဲသို့ ယူကရိန်းပစ်ခတ်နိုင်အောင် ခွင့်ပြုသွားဖို့ တောင်းဆိုလိုက်တဲ့ နေတိုး(NATO) အကြီးအကဲ ယန်းစ်စတိုလ်တန်ဘာ့ဂ်အကြောင်း မေးမြန်းရာမှာ ဒါဟာ တင်းမာမှုမြင့်တက်စေနိုင်ကာ အနောက်တိုင်းနဲ့ ရုရှားတို့ စစ်ပွဲကို ဦးတည်စေနိုင်ကြောင်း သတိပေးလိုက်ပါတယ်။

 

▪️ အနောက်တိုင်းလက်နက်များ၊ အထူးသဖြင့် အမေရိကန်ရဲ့ ATACMS ၊ ဗြိတိန်နဲ့ ပြင်သစ်ဒုံးကျည်စနစ်များကို ရုရှားကပစ်ချသွားမယ်လို့ အသက် ၇၁ နှစ်ရှိ ပူတင်က ဆိုပါတယ်။

 

▪️ ယူကရိန်းပစ်ခတ်နိုင်အောင် ခွင့်ပြုတဲ့နိုင်ငံတွေကို ပစ်လို့ရလောက်တဲ့ အကွာအဝေးကနေ နည်းပညာမြင့် တာဝေးပစ်ဒုံးကျည်များ ဖြန့်ကျက်ထားရှိရန် ရုရှားက စဥ်းစားနေတယ်လို့ ဆိုပါတယ်။

 

▪️ ဒုံးကျည်တွေထားရှိသွားမယ့် နေရာအတိအကျကိုတော့ ပူတင်က မပြောသွားပါဘူး။

 

▪️ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရုရှားနိုင်ငံအတွင်းရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို အမေရိကန်ထောက်ပံ့ လက်နက်အချို့ဖြင့် ယူကရိန်းပစ်ခတ်နိုင်အောင် ခွင့်ပြုထားပါတယ်။

 

▪️ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကမ်မရွန်က မေလ ၃ ရက်နေ့က ယူကရိန်းသို့ လာရောက်စဥ် ရိုက်တာသတင်းဌာနကို ပြောကြားရာမှာ ယူကရိန်းအနေဖြင့် ဗြိတိန်ထောက်ပံ့ထားတဲ့ လက်နက်များဖြင့် ရုရှားနိုင်ငံထဲသို့ ပစ်ခတ်ခွင့်ရှိပြီး တကယ်အသုံးပြုမပြုကတော့ ယူကရိန်းအပေါ်သာ မူတည်ကြောင်း ဆိုပါတယ်။

 

▪️ နျူကလီးယားအကြောင်း မေးမြန်းရာမှာ ရုရှားရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေကို ခြိမ်းခြောက်ထိပါးလာပါက နျူကလီးယားလမ်းစဥ်အတိုင်း ဆောင်ရွက်သွားမှာဖြစ်ပြီး ဒီကိစ္စကို ပေါ့ပေါ့တန်တန် မထင်သင့်ဘူးလို့ ဖြေကြားသွားပါတယ်။

 

#Source: Reuters