Published 03 June 2024

မြောက်ကိုရီးယားက အမှိုက်သရိုက်တွေ ချိတ်ဆွဲထားတဲ့ မိုးပျံပူဖောင်းတွေကို တောင်ကိုရီးယားဘက်သို့ လွှတ်နေတာတွေ ရပ်တန့်မယ်လို့ တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ တောင်ကိုရီးယားဘက်ကနေ မြောက်ကိုရီးယား ဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ထပ်မံဖြန့်ကျဲပါက ပူစီဖောင်းများ ပြန်လည်လွှတ်တင်မယ်လို့ ကြိမ်းဝါးလိုက်ပါတယ်။

အမှိုက်တွေရောက်လာတာ တောင်ကိုရီးယားအနေနဲ့ မနှစ်မြို့စရာ ကောင်းသလို မြောက်ကိုရီးယားဘက်က ပူစီဖောင်း ၃၅၀၀ ခန့်ဖြင့် အမှိုက်တန်ချိန် ၁၅ တန်လောက် လွှတ်တင်လိုက်ပြီးနောက် ထိုအမှိုက်တွေကို ဘယ်လောက်ထိ ခက်ခက်ခဲခဲ လိုက်ကောက်ရကြောင်းကို မြောက်ကိုရီးယား ကာကွယ်ရေး လက်ထောက်ဝန်ကြီး ကင်မ်ဂန်အီလ်က ပြောကြားခဲ့တယ်လို့ KCNA သတင်းဌာနက ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားက နယ်စပ်ကနေ ပူစီဖောင်းများ လွှတ်တဲ့အတွက် တောင်ကိုရီးယားဘက်ကလည်း တုန့်ပြန်ဆောင်ရွက်တာမျိုး ပြုလုပ်သွားမှာဖြစ်ကာ မြောက်ကိုဦးတည်ပြီး အသံချဲ့စက်များဖြင့် ဝါဒဖြန့်တာမျိုးတွေ ပြုလုပ်နိုင်တယ်လို့ ဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားက ပူစီဖောင်းလွှတ်လိုက်ပြီးနောက် တောင်ကိုရီးယား အစိုးရအဖွဲ့က နိုင်ငံတော်လုံခြုံရေးကောင်စီနဲ့ ဆွေးနွေးခဲ့ပြီး ယခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ် တောင်ကိုရီးယားနိုင်ငံနဲ့ ကွန်မြူနစ် မြောက်ကိုရီးယားတို့ဟာ ကိုရီးယားစစ်ပွဲ ပြီးကတည်းက ငြိမ်းချမ်းရေး ရရှိဖို့ထက် စစ်ပွဲအခြေအနေသို့သာ ဦးတည်နေပါတယ်။

မြောက်ကိုရီးယား ဘက်ကူးသူများနဲ့ တောင်ကိုရီးယားမှ လှုပ်ရှားသူများက မြောက်ဆန့်ကျင်ရေး လက်ကမ်းစာစောင်များ၊ အစားအစာများ၊ ဆေးဝါးများ၊ ပိုက်ဆံများ၊ ကေပေါ့သီချင်းများနဲ့ ဇာတ်လမ်းတွဲများပါဝင်တဲ့ USB များကို လေသွင်းရုပ်များထဲ ထည့်သွင်းပေးပို့နေပြီး ဝါဒဖြန့်ချိရေး လုပ်နေခဲ့တာကြောင့် မြောက်ကိုရီးယားက လက်တုန့်ပြန်တဲ့အနေဖြင့် အမှိုက်ပူစီဖောင်းများကို လွှတ်တင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားက လွှတ်တင်လိုက်တဲ့ ပူစီဖောင်းတွေထဲမှာ အမှိုက်သရိုက်မျိုးစုံ ပါဝင်ပြီး ဆိုးလ်မြို့အနှံ့ စနေနေ့ ည ၈ နာရီမှ တနင်္ဂနွေနေ့ နေ့လယ် ၁ နာရီလောက်အထိ တွေ့ရှိခဲ့ရတယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောပါတယ်။

တောင်ကိုရီးယား အရာရှိများက ရိုင်ဖယ်များကိုင်ဆောင်ကာ ပူစီဖောင်းတွေထဲက အမှိုက်တွေကို ကောက်ယူထုပ်ပိုးနေတာတွေ မီဒီယာများမှ ဖော်ပြထားပါတယ်။

ဂျုံဆန်မြောက်ပိုင်း၊ ဂန်ဝန်ပြည်နယ်၊ ဆိုးလ်မြို့ အချို့နေရာတွေမှာ အရေးပေါ်သတိပေးချက်များ ထုတ်ပြန်ခဲ့ကြပြီး ပြည်သူများအနေဖြင့် ပူစီဖောင်းများကို မထိရန်နဲ့ ရဲတပ်ဖွဲ့ကို  အကြောင်းကြားရန် တိုက်တွန်းခဲ့ပါတယ်။
Source: Reuters
#World_News
#Published 03 June 2024
#YMG #Yangon_Times #Yangon_Media_Group