Published 1 June 2024

အမျိုးသမီးတစ်ဦးရဲ့ တင်ပါးကြွက်သားထဲမှာ ၃ နှစ်ကျော်လောက် စိုက်ဝင်နေတဲ့ အပ်ချုပ်အပ်ကို ဒေလီမြို့ ဆာဂမ်ဂါရမ်ဆေးရုံမှ ဆရာဝန်များက အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့ပါတယ်။

လူနာဟာ ၂၀၂၁ တုန်း အပ်ပေါ် မတော်တဆလဲကျခဲ့ပြီးနောက် နေမထိထိုင်မသာဖြစ်နေပြီး နာကျင်မှု ခံစားနေခဲ့ရပါတယ်။

တစ်ရက်မှာ လူနာက အပ်ချုပ်နေရင်း အပ်ကို ကုတင်ပေါ်မှာ ခဏထားခဲ့ပါတယ်။

မတ်တပ်ထပြီး တစ်ခုခုယူပြီးနောက် ချော်လဲကာ ကုတင်ပေါ်သို့ကျပြီး စူးရှတဲ့ခံစားမှု ခံစားလိုက်ရပါတယ်။

အပ်က တဝက်ကျိုးသွားပြီး နောက်ရက်တွေအထိ ကျန်တဲ့အပ်တပိုင်းကို ရှာခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။

အခန်းထဲက တစ်နေရာရာမှာ ကျသွားလိမ့်မယ်လို့ ထင်နေခဲ့ပြီး တင်ပါးက နာကျင်မှုကလည်း ပိုပိုဆိုးလာတယ်လို့ လူနာက ပြန်ပြောပြပါတယ်။

၃ နှစ်အတွင်း ဆရာဝန်အများအပြားနဲ့ ပြသခဲ့ပေမယ့် ပြဿနာရင်းမြစ်ကို မသိရှိကြပါဘူး။

မကြာသေးမီ ဓာတ်မှန်ရိုက်ခဲ့ရာမှ ပျောက်နေတဲ့ အပ်ချောင်းက တင်ပါးမှာ စိုက်ဝင်နေခဲ့တာကို သိရှိခဲ့ကြပါတယ်။

ဖယ်ရှားဖို့ ဆုံးဖြတ်ပြီး ခွဲစိတ်ဆရာဝန်တွေနဲ့ တိုင်ပင်ခဲ့ပေမယ့် အပ်ဝင်နေတဲ့ ဒဏ်ရာအနက်နဲ့ အနီးနား အာရုံကြောများမှ သွေးထွက်လာမှာကို စိုးရိမ်ပြီး ငြင်းပယ်ခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ ဆာဂမ်ဂါရမ်ဆေးရုံ အထွေထွေခွဲစိတ်ဌာနမှ ဒေါက်တာ တာရန်မစ်တယ်လ်နဲ့ တွေ့ဆုံခဲ့ပြီး သေချာကြည့်ရှုစစ်ဆေးပြီးနောက် အလွန်ရှုပ်ထွေးတဲ့ ခွဲစိတ်မှုကို ပြုလုပ်ရန် စီစဥ်ခဲ့ကြပါတယ်။

C-Arm ပုံရိပ်မြင်ကိရိယာဖြင့် ကြွက်သားတစ်ရှူးများ ကြားထဲက အပ်ကို နေရာတိကျစွာ တွေ့ရှိခဲ့ကြပါတယ်။

အန္တရာယ်တွေကြားထဲကပဲ ခွဲစိတ်ပြီးနောက် စိုက်ဝင်နေတဲ့ အပ်အပိုင်းအစကို အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့ပါတယ်။

ဒေါက်တာ မစ်တယ်လ်၊ ဒေါက်တာ အာရှစ်ဒီး၊ ဒေါက်တာ အန်မိုလ်အာဟူဂျာ၊ ဒေါက်တာ တာနူရှရီး၊ ဒေါက်တာ ကာသစ်တို့က ခွဲစိတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဆရာဝန်တွေက ကျွမ်းကျွမ်းကျင်ကျင်ဖြင့် ဇွဲရှိရှိခွဲစိတ်ပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်လို့ လူနာက ပြောဆိုသွားပါတယ်။
Source: India Today
#World_News
#Published 1 June 2024
#YMG #Yangon_Times #Yangon_Media_Group