Published 31 May 2024

ရုရှားနိုင်ငံထဲရှိ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ရာမှာ အမေရိကန်ထောက်ပံ့ လက်နက်များ အသုံးပြုခွင့်ကို သမ္မတဂျိုးဘိုင်ဒင်က ယူကရိန်းအား တိတ်တဆိတ်ခွင့်ပြုလိုက်ပြီ ဖြစ်ကာ ယူကရိန်းအရှေ့မြောက်ပိုင်းရှိ ခါကိဗ်မြို့ တိုက်ခိုက်ရေးကို ထောက်ပံ့အားပေးနေတာ ဖြစ်တယ်လို့ အမေရိကန် အရာရှိ ၄ ဦးက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

ဘိုင်ဒင်ဟာ အမေရိကန်လက်နက်များဖြင့် ရုရှားနိုင်ငံထဲသို့ ပစ်ခတ်ရန် ယူကရိန်းကို ခွင့်မပြုခဲ့ပေမယ့် အခုအခါမှာတော့ မူဝါဒပြောင်းလဲလာတဲ့ ဆုံးဖြတ်ချက်မျိုး မြင်လာရပါတယ်။

ဝါရှင်တန်ရှိ ရုရှားသံရုံးနဲ့ နယူးယော့ခ်ရှိ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်တို့က ဒါနဲ့ပတ်သက်ပြီး တုန့်ပြန်ပြောကြားခြင်း မရှိသေးပါဘူး။

ဘိုင်ဒင်ရဲ့ဆုံးဖြတ်ချက်က ခါကိဗ်ဒေသ နယ်စပ်အနီးရှိ ရုရှားတပ်များကိုသာ ပစ်ခတ်ရန် ခွင့်ပြုတာဖြစ်ပါတယ်။

ရုရှားက မေလ ၁၀ ရက်နေ့မှာ ထိုဒေသကို တိုက်ခိုက်ခဲ့ပြီး အချို့ရွာများကို ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။

‘’ခါကိဗ်ဒေသမှာ တိုက်ခိုက်ရန် ပြင်ဆင်နေတဲ့ ရုရှားတပ်တွေကို ယူကရိန်းတို့ ပြန်လည်တိုက်ခိုက်နိုင်ရန် အမေရိကန် ထောက်ပံ့လက်နက်များ အသုံးပြုနိုင်အောင် သမ္မတက တိုက်ရိုက်ညွှန်ကြားခဲ့တယ်’’ လို့ အမေရိကန်အရာရှိ တစ်ဦးက ပြောပြပါတယ်။

ရုရှားတို့က ထိုဒေသမြောက်ပိုင်းအနီးမှာ တပ်စုနေပေမယ့် ချီတက်မှုကြီး ပြုလုပ်ရလောက်တဲ့အထိ တပ်သားမလောက်ဘူးလို့ ယူကရိန်း ထိပ်သီးတပ်မှူးချုပ်က ပြောပြပါတယ်။

ဘိုင်ဒင်က ယူကရိန်းအတွက် လက်နက်ထောက်ပံ့ရေး မူဝါဒများ တိတ်တဆိတ်လျှော့ချတာ ဒုတိယအကြိမ် ရှိပြီဖြစ်ပါတယ်။

အငြိမ်းစားဒုဗိုလ်မှူးကြီးနဲ့ ဥရောပရေးရာ ညွှန်ကြားရေးမှူးဟောင်း အဲလက်ဇန်ဒါဗိုင်းမန်းက ဘိုင်ဒင်ရဲ့ မူဝါဒပြောင်းလဲမှုကို ချီးကျူးလိုက်ပြီး ယူကရိန်းကို လွတ်လပ်စွာ တိုက်ခိုက်ခွင့်ပေးသင့်ကြောင်း ပြောကြားသွားပါတယ်။

ရုရှားတိုင်းပြည်အတွင်းထဲထိတော့ အမေရိကန်ထုတ် တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့်ကိုတော့ ဆက်လက်တားမြစ်သွားမှာ ဖြစ်ပါတယ်။

ရုရှားရေနံစက်ရုံတွေကို ယူကရိန်းက ဒရုန်းဖြင့် တိုက်ခိုက်နေတာကိုလည်း အသိအမှတ်ပြုသေးတာ မဟုတ်ပါဘူး။

နေတိုး(NATO) မဟာမိတ်အချို့နဲ့ အမေရိကန် လွှတ်တော်အမတ်များက ယူကရိန်းကို အမေရိကန်ထောက်ပံ့ လက်နက်များ အသုံးပြုခွင့်ကန့်သတ်ထားတာကို ဖြေလျှော့ပေးဖို့ တောင်းဆိုနေခဲ့ကြပါတယ်။

ထောက်ပံ့လက်နက်များဖြင့် ရုရှားကိုပစ်ခတ်ဖို့အတွက် ယူကရိန်းကို ခွင့်ပြုပေးတဲ့ နေတိုးအဖွဲ့ဝင်များကို ပူတင်က အင်္ဂါနေ့မှာ သတိပေးလိုက်ပြီး နျူကလီးယားစစ်ပွဲအန္တရာယ် ကျရောက်နိုင်တယ်လို့ ဆိုလိုက်ပါတယ်။
Source: Reuters.
#World_News
#Published 31 May 2024
#YMG #Yangon_Times #Yangon_Media_Group