Published 31 May 2024

လူသားများ အရွယ်ရောက်ခြင်း၊ မျိုးပွားခြင်း၊ လိင်စိတ်ဆန္ဒတို့အတွက် အီစထရိုဂျင်၊ တက်စ်တိုစတီရုန်း၊ ပရိုဂျက်စထရုန်းစတဲ့ ဟော်မုန်းတွေက အဓိကပတ်သက်နေပါတယ်။

ဟော်မုန်းတွေက ခန္ဓာကိုယ်မှာ ညီတူမျှတ လုပ်ဆောင်ကြတာ ဖြစ်ပြီး တစ်ချိန်ချိန်မှာ မျှခြေချို့ယွင်းကာ သက်ရောက်မှုတွေ ရှိလာနိုင်ကြောင်း ကျန်းမာရေးပညာရှင် ဒေါက်တာ ရှီရင်လက္ခဏိက ပြောပြသွားပါတယ်။

သိပ္ပံပညာရှင်တွေဟာ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းများ၊ လိင်စိတ်ဆန္ဒ၊ ကျန်းမာရေးနဲ့ ရောဂါတို့ကြား ဆက်စပ်မှုများကို နားလည်ရန် ကြိုးပမ်းခဲ့ကြပါတယ်။

ကလေးဘဝနဲ့ ဆယ်ကျော်သက်ဘဝတွေမှာ ကျားဟော်မုန်း တက်စ်တိုစတီရုန်း စတင်ထုတ်လုပ်နေပြီဖြစ်ပြီး ကျားအင်္ဂါဖွံ့ဖြိုးကြီးထွားဖို့အတွက် အရေးပါပါတယ်။

မိန်းကလေးတွေမှာတော့ မ’ဟော်မုန်း အီစထရိုဂျင်က ကလေးဘဝမှာ မလိုသေးပေမယ့် အပျိုဖော်ဝင်စမှာတော့ ရင်သားကြီးထွားမှုနဲ့ ဓမ္မတာလာခြင်းတို့အတွက် လိုအပ်လာပါပြီ။

အသက် ၂၀ ဝန်းကျင် ယောက်ျားလေးတွေမှာ ကျားဟော်မုန်း မြင့်တက်လာပြီး လိင်စိတ်ဆန္ဒလည်း မြင့်တက်လာပေမယ့် အတွေ့အကြုံနုနယ်တဲ့ သူတွေမှာ ပူပန်စိတ်တွေ ဖြစ်တတ်ပါတယ်။

အသက် ၂၀ ဝန်းကျင် အမျိုးသမီးငယ်တွေမှာ မျိုးအအောင်နိုင်ဆုံး အချိန်ဖြစ်ပေမယ့် လိင်စိတ်ဆန္ဒကတော့ သိပ်ပြီး ရှိချင်မှရှိဦးမှာပါ။

အသက် ၂၀ ကျော်သွားပြီးနောက်ပိုင်းမှ စိတ်ဆန္ဒမြင့်တက်လာတတ်ပါတယ်။

မေတ္တာရေး နှစ်အနည်းငယ်ကြာလာတဲ့အခါ အမျိုးသမီးအများစုက လိင်စိတ်ဆန္ဒ လုံးဝလျော့ပါးသွားတာမျိုး မဟုတ်ဘဲ အခြားစိတ်ဆန္ဒပုံစံမျိုး ပြောင်းသွားတာ ဖြစ်တယ်လို့ လိင်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် နာတာရှာဆေးလ်ဗားမန်းက ပြောပြပါတယ်။

အသက် ၃၀ ဝန်းကျင်နဲ့ ၄၀ အစောပိုင်း အမျိုးသားတွေက စိတ်ဆန္ဒပြင်းပြနေဆဲဖြစ်ပြီး ၃၅ နှစ်နောက်ပိုင်းကစလို့ တက်စ်တိုစတီရုန်းက တစ်နှစ်ကို ၁ ရာခိုင်နှုန်း လျော့နည်းလာကာ အခြားပြဿနာများကလည်း သက်ရောက်နေပါတယ်။

အသက် ၃၀ ဝန်းကျင်နဲ့ ၄၀ အစောပိုင်း အမျိုးသမီးတွေက ထိုကာလအတွင်း စိတ်ဆန္ဒအပြင်းပြဆုံး ဖြစ်နေနိုင်ပါတယ်။

အသက် ၄၀ နောက်ပိုင်းနဲ့ ၅၀ ဝန်းကျင် အမျိုးသားတွေဟာ ကျန်းမာရေး ကောင်းမွန်လို့ လိင်မှုကိစ္စကို သာယာချင်သေးတယ်ဆိုရင် ရနိုင်ပေမယ့် နာတာရှည်ရောဂါတွေ ဖြစ်လာရင်တော့ စိတ်ဆန္ဒလျော့နည်းလာစေပါတယ်။

အသက် ၄၀ နောက်ပိုင်းနဲ့ ၅၀ ဝန်းကျင် အမျိုးသမီးတွေဟာ လိင်စိတ်ဆန္ဒ မြင့်တက်လာနိုင်ပြီး ဓမ္မတာသွေးမဆုံးခင် ကိုယ်ဝန်နောက်ဆုံးရနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

ထိုအသက်အရွယ် အမျိုးသမီးတွေက စိတ်ဆန္ဒမြင့်တက်နေတတ်ပေမယ့် အမျိုးသားအများစုကတော့ ထောင်မတ်ဖို့ ပြဿနာတွေ အဖြစ်များပါတယ်။

အသက် ၆၀ နဲ့အထက် အမျိုးသားတွေမှာ တက်စ်တိုစတီရုန်း ပမာဏ ဆက်လက်ကျဆင်းနေပေမယ့် ကျန်းမာရေးကောင်းရင် လိင်စိတ်ဆန္ဒ ရှိနေတုန်းပါပဲ။

အသက် ၆၀ အထက် အမျိုးသမီးတွေမှာ ဓမ္မတာသွေးဆုံးခြင်း လက္ခဏာများ လျော့ကျသွားပြီဖြစ်ပြီး စိတ်ဆန္ဒကိုလည်း သက်ရောက်လာပါတယ်။ 
Source: Telegraph
#World_Health
#Published 31 May 2024
#YMG #Yangon_Times #Yangon_Media_Group