Published 30 May 2024

ယခုလအတွင်း ရဟတ်ယာဥ်ပျက်ကျမှုကြောင့် သေဆုံးခဲ့တဲ့ အီရန်သမ္မတ အီဘရာဟင်ရိုင်စီအား ကြာသပတေးနေ့မှာ ကုလသမဂ္ဂမှ ချီးကျူးဂုဏ်ပြုမယ့်အစီအစဥ်ကို အမေရိကန်က သပိတ်မှောက်မယ်လို့ အရာရှိတစ်ဦးက ဆိုပါတယ်။

ကွယ်လွန်ချိန်မှာ တိုင်းပြည်တစ်ခုကို အုပ်စိုးနေတဲ့ မည်သည့်ခေါင်းဆောင်ကိုမဆို ဂုဏ်ပြုဖို့အတွက် အဖွဲ့ဝင် ၁၉၃ နိုင်ငံပါ ကုလအထွေထွေညီလာခံက အစဥ်အလာအတိုင်း တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပြီး ရေစီအကြောင်း မိန့်ခွန်းတွေ ပြောကြားသွားမှာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့ အမည်မဖော်သူ အမေရိကန် အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပြသွားပါတယ်။

ရိုင်စီဟာ ယင်းတို့ရဲ့ အကျော်ကြားဆုံးခေါင်းဆောင် အိုင်ယာတိုလာအလီခါမယ်နိုင်ရဲ့ နေရာကို ဆက်ခံဖို့ အလားအလာ ရှိနေသူဖြစ်ပါတယ်။

ရေစီက မေလ ၁၉ ရက်နေ့ အဇာဘိုင်ဂျန်နယ်စပ်အနီး တောင်တန်းတွေနားမှာ ရာသီဥတု ဆိုးရွားမှုကြောင့် ရဟတ်ယာဥ်ပျက်ကျပြီး သေဆုံးခဲ့ပါတယ်။

ကုလသမဂ္ဂအနေနဲ့ အီရန်ပြည်သူတွေဘက်က ရပ်တည်သင့်ပြီး ဆယ်စုနှစ်ကြာ တိုင်းပြည်ကို ဖိနှိပ်ခဲ့သူအတွက် အောက်မေ့ဖွယ် အခမ်းအနား မလုပ်သင့်ကြောင်း၊ ရိုင်စီဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြား ပြုလုပ်ခဲ့ပြီး ၁၉၈၈ ခုနှစ်က နိုင်ငံရေးအကျဥ်းသား ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြောင်း အမေရိကန်က ဆိုပါတယ်။

ရဟတ်ယာဥ် ပျက်ကျမှုအတွင်း ပါဝင်ခဲ့သူများကို အမှတ်ရတဲ့အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မေလ ၂၀ ရက်နေ့မှာ အသံတိတ်ဂုဏ်ပြုခြင်းအတွက် အစည်းအဝေးပြုလုပ်ဖို့ ရပ်တည်ခဲ့ပါတယ်။

ရိုင်စီသေဆုံးမှုအတွက် အမေရိကန်က ဝမ်းနည်းပူဆွေးမိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပေမယ့် အိမ်ဖြူတော် လုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကတော့ ရိုင်စီဟာ လက်မှာ အလွန်အမင်း သွေးစွန်းထားသူ ဖြစ်တယ်လို့ ဆိုပါတယ်။

အီရန်အပေါ် ဝမ်းနည်းပူဆွေးကြောင်း ဖော်ပြခဲ့တဲ့ သမ္မတဂျိုးဘိုင်ဒင် အစိုးရအဖွဲ့ကို လွှတ်တော်မှ ရီပတ်ဘလစ်ကန်အချို့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

အသက် ၆၃ နှစ်ရှိခဲ့တဲ့ ရိုင်စီဟာ ၂၀၂၁ ခုနှစ်က သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပြီး ကိုယ်ကျင့်ရေးရာ ဥပဒေများ တင်းကြပ်ဖို့ အမိန့်ပေးခဲ့ကာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲများကို သွေးထွက်သံယိုဖြစ်စေတဲ့အထိ နှိမ်နှင်းရာမှာ ကြီးကြပ်ပါဝင်ခဲ့သလို အင်အားကြီးနိုင်ငံများနဲ့ နျူကလီးယားရေးရာ ပြောဆိုမှုများပြုလုပ်ရန် ကြိုးပမ်းခဲ့ပါတယ်။
Source: Reuters
#World_News
Published 30 May 2024
#YMG #Yangon_Times #Yangon_Media_Group