Published 30 May 2024

လန်ဒန်မှ စင်္ကာပူသို့ပျံသန်းတဲ့ စင်္ကာပူလေကြောင်းလိုင်း ခရီးစဥ် SQ321 ဟာ မေလ ၂၁ ရက်နေ့က လေပွေထန်ခြင်း ပြင်းထန်စွာ ကြုံတွေ့ခဲ့ရကာ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

အမြင့်ပေ ရုတ်တရက်ကျသွားစဥ် လေယာဥ်ထဲမှာ ခရီးသည်များနဲ့ အရာဝတ္ထုများ ဗြောင်းဆန်သွားပြီး ဘန်ကောက်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

ဘိုးအင်း 777-300ER လေယာဥ်ဟာ မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝှမ်းပေါ်မှ ပျံသန်းနေစဥ် ပြင်းထန်တဲ့ လေလှိုင်းထန်ခြင်း ကြုံတွေ့ခဲ့ရကာ ဖိအားရုတ်တရက် ကျဆင်းသွားခဲ့ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်သွားလဲ၊ ဘယ်လိုတုန့်ပြန်လဲ ဆိုတာကို သိထားဖို့လိုအပ်ပါတယ်။

မြစ်လေများ လျင်မြန်စွာစီးဆင်းခြင်း၊ ရာသီဥတု အခြေအနေများ၊ တောင်တန်းလေလှိုင်းများကြောင့် လေရွေ့လျားမှု ပုံမှန်မဟုတ်ဘဲ လေလှိုင်းထန်တာမျိုး ဖြစ်တတ်ပါတယ်။

ခေတ်မီလေယာဥ်တွေမှာ ဒီလိုလေထန်တာမျိုးကို ထိန်းချုပ်နိုင်ရန် ဆောက်လုပ်ထားပေမယ့် ခရီးသည်များအနေနဲ့ ထိုင်ခုံခါးပတ်များ တပ်ဆင်ထားသင့်ပြီး လေယာဥ်ဝန်ထမ်းများရဲ့ ညွှန်ကြားချက်များကို လိုက်နာရမှာ ဖြစ်ပါတယ်။

လေယာဥ်ရွေ့လျားမှု ရုတ်တရက် ပြောင်းလဲတဲ့အခါ ခန္ဓာကိုယ်ရဲ့ မျှခြေစနစ်ကို ထိခိုက်စေပါတယ်။

ရိုလာကိုစတာ စီးသလိုမျိုး ရုတ်တရက် မြင့်တက်ခြင်း၊ နိမ့်ဆင်းသွားခြင်း ဖြစ်ပေါ်ပါတယ်။

ထိုအခါ ခန္ဓာကိုယ်မျှခြေစနစ်ကို နှောင့်ယှက်ပြီး ဦးနှောက်ကနေ လက်ခံရရှိတဲ့ အချက်အလက်များ ရှုပ်ထွေးစေပါတယ်။

လှုပ်ခတ်မှုများကြောင့် နားထဲမှာလည်း အရည်များရွေ့လျားကာ ဦးနှောက်က သိရှိရန် ရုန်းကန်နေရပြီး ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ၁၀ - ၂၀ စက္ကန့်လောက် ကြာတတ်ပါတယ်။

ဦးနှောက်ဟာ လေယာဥ်ရွေ့လျားမှုနဲ့ ခန္ဓာကိုယ်ရွေ့လျားမှုကို လွဲမှားမိကာ အမြင်အာရုံလျော့နည်းသွားပါတယ်။

မျှခြေတုန့်ပြန်မှုစနစ် အနှောင့်အယှက်ဖြစ်ကာ မူးဝေခြင်း၊ ချွေးပြန်ခြင်း၊ အော့အန်ခြင်းတို့ ဖြစ်တတ်ပါတယ်။

အက်ဒရီနယ်လင်နဲ့ ကော်တီဆောလ်လိုမျိုး ဖိစီးမှုဟော်မုန်းများ ထွက်လာကာ ခန္ဓာကိုယ်မှာ တုန့်ပြန်မှုတွေ ဖြစ်ပေါ်လာပြီး နှလုံးခုန်မြန်ခြင်း၊ အာရုံခံသိရှိမှု မြင့်မားခြင်း၊ စွမ်းအင်လျှံတက်ခြင်းတို့ ဖြစ်ပေါ်ပါတယ်။

ကြွက်သားတွေ တောင့်တင်းလာပြီး လက်မီရာကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသဖြင့် လည်ပင်း၊ ကျော၊ ပခုံးတို့ မသက်မသာ ဖြစ်စေပါတယ်။

စိတ်ပိုင်းဆိုင်ရာအရဆိုရင် လေယာဥ်စီးရတာ ကြောက်တဲ့သူတွေမှာ လေလှိုင်းထန်ခြင်းမျိုး ကြုံတွေ့ရတဲ့အခါ ပိုမိုဆိုးရွားစေပါတယ်။

အသက်ရှူနှုန်းမြန်လာကာ ချွေးပြန်လာပြီး ဖိစီးမှုတိုးစေပါတယ်။

ဒါကို ခန္ဓာကိုယ်က လိုက်ပြီးတည်ငြိမ်အောင် ကြိုးစားပေးပြီး အသက်ရှူထိန်းသိမ်းခြင်း၊ သတိကပ်ခြင်းတို့ဖြင့် ပုံမှန်အတိုင်း ဖြစ်စေနိုင်ပါတယ်။

လေထန်ခြင်း ကြာရှည်နေရင် နားအတွင်းနဲ့ ဦးနှောက်တို့က လိုက်လျောညီလာပြီး မူးဝေအော့အန်ချင်တာတွေ သက်သာလာပါတယ်။

လှုပ်ခါနေချိန်မှာ ထိုင်ခုံမှာ တင်းရင်းစွာထိုင်ခြင်းဖြင့် ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်နိုင်ပါတယ်။

ခရီးသွားရင်း မူးဝေတာမျိုး ခံစားရတတ်သူတွေအနေနဲ့ ဆေးကြိုတင် သောက်သုံးထားရင် သက်သာစေနိုင်ပါတယ်။
Source: India Today
#World_Science
#Published_ 30 May 2024
#Yangon_Times #YMG_News #Yangon_Media_Group