Published 29 May 2024

လူတစ်ယောက်ဟာ လှုပ်ရှားမှုမရှိဘဲနဲ့ တစ်နေ့ကို ၈ နာရီကျော် ထိုင်လေ့ရှိတယ်ဆိုရင် ယင်းရဲ့အသက်ဆုံးရှုံးနိုင်ခြေက ဆေးလိပ်သောက်သူများ၊ အဝလွန်သူများကဲ့သို့ အတူတူပဲဖြစ်ကြောင်း အပိုလိုဆေးရုံမှ အာရုံကြောပညာရှင် ဒေါက်တာ ဆူဒီယာကူမာက X ဆိုရှယ်မီဒီယာမှာ ပြောပြသွားပါတယ်။

အထိုင်များတဲ့အခါ ဆီးချို၊ သွေးတိုး၊ အဝလွန်၊ LDL ကိုလက်စထရောလ်နဲ့ ထရိုင်ဂလစ်ထရိုက်များ မြင့်တက်ခြင်း၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ ကင်ဆာနဲ့ အရွယ်မတိုင်ခင် သေဆုံးခြင်းတို့ ဖြစ်နိုင်ခြေများကြောင်း ရေးသားထားပါတယ်။

လက်တွေ့လေ့လာချက်များအရ အထိုင်များခြင်းဟာ ဆေးလိပ်သောက်သလိုမျိုး ကျန်းမာရေးပြဿနာအမျိုးမျိုး ဖြစ်လာစေနိုင်တယ်လို့ နာနာဗာတီမက်စ်စူပါအထူးကုဆေးရုံမှ ဒေါက်တာ ရာဟူတမ်ဘယ်ကလည်း ဆိုပါတယ်။

ကြာကြာထိုင်တဲ့အခါ ဂလူးကို့စ်ဇီဝဖြစ်ပျက်ခြင်းနဲ့ အဆီဓာတ်ဖြစ်တည်မှုများ ထိခိုက်စေကာ အင်ဆူလင်ယဥ်ပါးလာပြီး အန္တရာယ်ရှိ ကိုလက်စ်ထရောလ်များ မြင့်တက်လာစေနိုင်ပါတယ်။

ခြေထောက်သွေးကြောတွေထဲမှာ သွေးခဲပိတ်ဆို့မှုတွေ ဖြစ်လာပြီး သွေးခဲတွေက အဆုတ်သို့ရောက်တဲ့အခါ အသက်အန္တရာယ် ရှိလာနိုင်ပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့က ပုံမှန်လှုပ်ရှားမှု ပြုလုပ်ဖို့ ဖြစ်ပါတယ်။

မကြာမကြာ လမ်းလျှောက်ခြင်း၊ မတ်တပ်ရပ်ပေးခြင်း၊ လှေကားထစ်တက်ခြင်းတို့ဖြင့် ဆိုးကျိုးများကို လျှော့ချနိုင်ပါတယ်။

နေ့စဥ် သိပ်ပြီးမပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးတွေကို မိနစ် ၆၀ မှ ၇၅ မိနစ်လောက် ပြုလုပ်သင့်ပါတယ်။

နာရီဝက်ခန့် ထိုင်ပြီးတိုင်းမှာ ၅ မိနစ်လောက် ထပြီးလမ်းလျှောက်တာမျိုး ပြုလုပ်သင့်တယ်လို့လည်း ဆရာဝန်များက အကြံပြုပါတယ်။

အမောပြေ ထိုင်တာမျိုးတွေလျှော့ချပြီး ဆွေးနွေးတာတွေ၊ ကော်ဖီသောက်တာမျိုးတွေမှာ မတ်တပ်ရပ်ပြီး ပြုလုပ်သင့်ပါတယ်။

ဖြည်းဖြည်းချင်း ပုံမှန်ပြောင်းလဲသွားခြင်းက အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးအပေါ် ကောင်းကျိုးသက်ရောက်လာနိုင်တယ်လို့ မဏိပူရဆေးရုံမှ ဒေါက်တာရှက်တီက ပြောပြသွားပါတယ်။
Source: India Today
#World_Health
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group