Published 28 May 2024

အာရှအလယ်ပိုင်းနိုင်ငံဖြစ်တဲ့ ဥဇဘက်ကစ္စတန်မှာ ရုရှားက နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ခု ဆောက်လုပ်ရန် ရုရှားနဲ့ ဥဇဘက်ကစ္စတန်တို့ တနင်္လာနေ့က သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဥဇဘက်ကစ္စတန် ခေါင်းဆောင် ရှက်ဗ်ကက်မာဇီယိုယက်ဗ်တို့ ဥဇဘက်မြို့တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ယခုလို သဘောတူညီလိုက်ကြတာ ဖြစ်ပါတယ်။

ထိုစီမံကိန်းဟာ အလွန်အရေးပါတယ်လို့ မာဇီယိုယက်ဗ်က မှတ်ချက်ပြုလိုက်ပြီး ဥဇဘက်မှာ ယူရေနီယံ အများအပြား ထိန်းသိမ်းသိုလှောင်ထားတယ်လို့ ဆိုပါတယ်။

ဥဇဘက်ရဲ့ နျူကလီးယားစွမ်းအင်ကဏ္ဍ အထိရောက်ဆုံး အလုပ်ဖြစ်စေရန် ကြိုးပမ်းသွားမယ်လို့ ပူတင်က ကတိပြုလိုက်ပါတယ်။

အဆိုပါ သဘောတူညီချက်သာ အကောင်အထည် ဖော်လိုက်ပါက အာရှအလယ်ပိုင်းမှာ ပထမဆုံးစက်ရုံ ဖြစ်လာမှာဖြစ်ပြီး ထိုဒေသတွင်း ရုရှားရဲ့လွှမ်းမိုးမှု ဆက်လက်တိုးချဲ့လာမှာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံပိုင် Rosatom စွမ်းအင်ကော်ပိုရေးရှင်းက ဓာတ်အား ၃၃၀ မဂ္ဂါဝပ်ရှိတဲ့ ဓာတ်ပေါင်းဖို ၆ ခုဆောက်လုပ်သွားရန် ရှိတယ်လို့ ရုရှားမှ RIA Novosti သတင်းဌာနက ဖော်ပြထားပါတယ်။

၂.၄ ဂစ်ဂါဝပ်ရှိတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံကြီး ဆောက်လုပ်ရန်အတွက်လည်း အစောပိုင်းတုန်းက ထိုနှစ်နိုင်ငံ ဆွေးနွေးခဲ့ကြပါသေးတယ်။

ဒါ့အပြင် ဥဇဘက်ထံသို့ ဓာတ်ငွေ့ပေးပို့မှုများ တိုးမြှင့်ရန်လည်း ပူတင်က ကတိပေးခဲ့ပါတယ်။

ပူတင်ဟာ ၅ နှစ်ဆက်တိုက် သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက် တတိယမြောက် နိုင်ငံခြားခရီးစဥ်အဖြစ် တနင်္ဂနွေနေ့က ဥဇဘက်မြို့တော် တက်ရှ်ကန့်သို့ လာရောက်ကာ ဆွေးနွေးပြောဆိုမှုများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Source: AP News
#Published 28 May 2024
#World_News
#Yangon_Times #YMG_News #Yangon_Media_Group