၂၆ မေ ၂၀၂၄

တနင်္ဂနွေနေ့ ညပိုင်းမှာ ကုန်းတွင်းပိုင်းဝင်ရောက်ဖို့ရှိတဲ့ တစ်နာရီ ၇၅မိုင် လေတိုက်နှုန်းရှိတဲ့ ယခုနှစ်ရဲ့ပထမဆုံးသော ဆိုင်ကလုန်းမုန်တိုင်းအတွက် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနှစ်နိုင်ငံဟာ ရင်ဆိုင်ရန်အတွက် အသင့် အားတင်း ထားကြောင်း ရိုက်တာသတင်း ကရေးသားပါတယ်။

ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနက ဆိပ်ကမ်းနှစ်ခုနှင့် ကမ်းရိုးတန်းဒေသ(၉)ခုမှာ မုန်တိုင်းအန္တရာယ်ကို အမြင့်ဆုံးအဆင့် ၁၀ သတိ ပေးချက်ထုတ်ပြန်ထားပါတယ်။ လော်စပီကာတွေနှင့် အဲဒီဒေသတွေမှာ သတိပေးချက်တွေကြေညာပေးနေပါတယ်။

တောင်အာရှနှစ်နိုင်ငံဖြစ်တဲ့ အဆိုပါနိုင်ငံတွေရဲ့ အနိမ်းပိုင်းကမ်းခြေဒေသတွေဟာ လွန်ခဲ့တဲ့ နှစ်များအတွင်း ပြင်းထန်တဲ့မုန်တိုင်းတွေနှင့် မကြာခဏကြုံခဲ့ရပါတယ်။ ၂၀၂၁ ဆိုင်ကလုံးယာအက်စ်တုန်းကဆိုရင် လူပေါင်း ၅၀၀၀၀ခန့်အိမ်ခြေဆုံးရှုံးခဲ့ရပြီး အနည်းဆုံးလူတစ်ဦးသေဆုံးခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ဆိုင်ကလုံးဒဏ်ခံ ခိုနားရာ ၈၀၀၀ခန့်နှင့် စေတနာ့ဝန်ထမ်း ၇၈၀၀၀ ကိုအဆင်သင့် ပြင်ဆင်ထားရှိပြီးဖြစ်တယ်လို့ ဘေးအန္တရာယ်နှင့်ကယ်ဆယ်ရေးစီမံခန့်ခွဲရေးဝန်ကြီး  မိုဟီဘာရာမန်းက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

“ အိန္ဒိယမှာရှိတဲ့ ဒေသဆိုင်ရာ အထူးမိုးလေဝသဌာနှင့် ကျွန်တော်တို့ ဆက်သွယ်မှုအမြဲလုပ်နေပါတယ်” လို့ သူကပြောပါတယ်။

အိန္ဒိယနိုင်ငံကလည်း အနောက်ဘင်္ဂလားပြည်နယ်ရဲ့ အရှေ့ဘက်မှာ ဘေးအန္တရာယ်ကယ်ဆယ်ရေးတပ် ဖွဲ့တွေ စေလွှတ်ထားပါတယ်။ ကိုလ်ကာတာမြို့ကြီးမှာ လေယာဉ်ခရီးစဉ်တွေ ယာယီဖျက်သိမ်းထားပါတယ်။

အနောက်ဘင်္ဂလားပြည်နယ်ရဲ့ နေရာအချို့မှာ မိုးအနည်းငယ်သည်းလာနေပါတယ်။ အစိုးရက အရေးကြီး မရှိမဖြစ်ဌာနတွေက ဝန်ထမ်းတွေခွင့်ယူတာကို ပယ်ဖျက်ထားတယ်လို့ မိုးဇလအရာရှိတစ်ဦးကပြောပါတယ်။

“ ကိုလ်ကာတာမှာ အခြေအနေတွေက အုံ့မှိုင်းနေတယ်။ ဒါပေမယ့် ပုံမှန်ဘဝတွေပဲရှိနေပါတယ်” လို့ ကိုလ်ကာတားက ဒေသဆိုင်ရာမိုးဇလဌာနရဲ့ ခန့်မှန်းရေးဌာနမှူး ဆွမ်နက်ဒတ်တားက ရိုက်တာကို ပြောပါတယ်။

ဆိုရှယ်မီဒီယာပလက်ဖောင်း” အိတ်စ်” မှာ  အနောက်ဘင်္ဂလားက ကမ်းခြေတစ်ခုမှာ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့က ခရီးသွားတွေကို လိုက်သတိပေးနေတဲ့ ပုံတွေကိုတင်ထားတာတွေ့ရပါတယ်။

Source Reuters