Published 23 May 2024

သွေးထဲက ပရိုတိန်းတွေက ကင်ဆာရောဂါ မတွေ့ ရှိခင် ၇ နှစ်လောက်စောပြီး ညွှန်ပြနိုင်တယ်လို့ သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။

ယူကေမှ လူပေါင်း ၄၄၀၀၀ ကျော်ထံမှ သွေးနမူနာများ အသုံးပြုကာ ပရိုတိန်း ၆၁၈ မျိုးနဲ့ ဆက်စပ်နေတဲ့ ကင်ဆာ ၁၉ မျိုးကို တွေ့ရှိခဲ့ကြပါတယ်။

အဲဒီထဲက အချို့ပရိုတိန်းတွေက ကင်ဆာကို စောစီးစွာတွေ့ရှိပြီး ကာကွယ်နိုင်သလို ကုသမှုနည်းလမ်းများ ပေါ်ထွက်လာနိုင်တယ်လို့ သုတေသနပြုစုသူများ မှတ်ချက်ပြုကြပါတယ်။

ဒါ့အပြင် ကင်ဆာဖြစ်နိုင်ခြေရှိတဲ့ ပရိုတိန်း ၁၀၇ မျိုးကိုလည်း ဖော်ထုတ်ခဲ့ပါတယ်။

ဘယ်ပရိုတိန်းတွေက ကာကွယ်ဖို့အတွက် အသုံးချနိုင်မလဲဆိုတာကို လေ့လာဖို့လိုအပ်တယ်လို့ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ကယ်ရင်ပါပီယာက ဆိုလိုက်ပါတယ်။

နောက်ထပ်လေ့လာချက်မှာတော့ ကင်ဆာ ၉ မျိုးဖြစ်ပွားနိုင်ခြေကို တိုက်ရိုက်လွှမ်းမိုးနေတဲ့ သွေးထဲက ပရိုတိန်း ၄၀ ကိုတွေ့ရှိခဲ့ကြပါတယ်။

တွေ့ရှိချက်တွေက အားရဖွယ်ရှိကြောင်း၊ ကင်ဆာကို မတွေ့ရှိခင်မှာပင် ဖြစ်နိုင်ခြေကို တွေ့ရှိနိုင်မှာဖြစ်ကြောင်း၊ ဒါမှသာ ကြိုတင်ကာကွယ်နိုင်မှာဖြစ်ကြောင်း ကွင်းစ်တက္ကသိုလ်ဘဲလ်ဖတ်စ်မှ ကင်ဆာဌာနအကြီးအကဲ မာ့ခ်လော်လာက ဆိုပါတယ်။
Source: New York Post
#World_Health
#Published_ 23 May 2024
#Yangon_Times #YMG_News #Yangon_Media_Group