၂၂ မေ ၂၀၂၄

မေ၂၁ ရက်က ပြင်းထန်သောလေပွေမိသဖြင့် ဘန်ကောက်သို့အရေးပေါ်ဆင်းသက်ခဲ့ရပြီး လူတစ်ဦး  သေဆုံးကာ ဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ရသည့် စင်ကာပူလေကြောင်းလိုင်းဘိုအင်းလေယာဉ်မှ ခရီးသည် နှင့် လေယာဉ်အမှုထမ်း ၁၄၀ကျော် ဘန်ကောက်မှ စင်္ကာပူသို့ ကယ်ဆယ်ရေးအထူးလေယာဉ် ဖြင့် မေ၂၂ရက်မနက်စောစောတွင်ပြန်လည်ရောက်ရှိသွားပါတယ်။

သေဆုံးခဲ့ရသူမှာ အသက် ၇၃နှစ်အရွယ် ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်ပြီး နှလုံးဖောက်ကာသေဆုံးသွားရခြင်း ဖြစ်မည်လို့ ယူဆထားကြပါတယ်။ ဒဏ်ရာရရှိသူတွေကတော့ အနည်းဆုံးလူ၃၀ရှိတယ်လို့ ရိုက်တာက သတင်းရေးသားပါတယ်။

စင်္ကာပူလေကြောင်းလိုင်းပိုင် အဆိုပါဘိုအင်း777-300ER ခရီးသည်တင်လေယာဉ်ကြီးသည် လန်ဒန်မှ စင်္ကာပူသို့ခရီးစဉ်တွင် ၁၀နာရီခန့်အကြာ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် အပေါ်သို့ ဖြတ်ကျော်ပျံသန်းနေစဉ် ရုတ်တရက်ပြင်းထန်ဆိုးရွားလှတဲ့ လေပွေကြမ်း နှင့် တွေ့ခဲ့ရတာဖြစ်တယ်လို့လည်း စင်္ကာပူ   လေကြောင်း လိုင်းက သတင်းထုတ်ပြန်ပါတယ်။

အဲဒီနေရာတစ်ဝိုက်မှာ ထိုအချိန်က ပြင်းထန်တဲ့မိုးကြိုးမုန်တိုင်းတွေတိုက်နေတာတွေ့ရတယ်” လို့လည်း FlightRader24 ကပြောပါတယ်။

“ဘင်္ဂလားပင်လယ်အော်မှာ မိုးကြိုးမုန်တိုင်းကြီးတွေဆိုတာ ဖြစ်တောင့်ဖြစ်ခဲ့မျိုးမဟုတ်ဘူး။ အဲဒီနေရာမှာ အဲဒါတွေနှင့်ရင်ဆိုမိနိုင်တဲ့အခြေအနေ အမြဲလိုလိုရှိနေတယ်” လို့ စင်္ကာပူနှင့်အရှေ့တောင်အာရှကို လေယာဉ်မောင်းနှင်နေကျဖြစ်တဲ့ အမည်မဖော်လိုသူလေယာဉ်မှူးတစ်ဦးကပြောပါတယ်။

“လူတွေ မျက်နှာကြက်နှင့်ထိပြီး အောက်ကို ကိုးရိုးကားယားပြုတ်ကျကြတယ်။ ခေါင်းကွဲတဲ့သူနှင့် ထိခိုက်မူးမေ့တဲ့သူတွေနှင့်” လို့ စင်္ကာပူကိုပြန်ရောက်လာတဲ့ခရီးသည်တွေထဲက အသက်၂၈နှစ်အရွယ် ကျောင်းသားတစ်ဦးက ရိုက်တာသတင်းဌာနကိုအတွေ့အကြုံပြောပြပါတယ်။

ယခုဘန်ကောက်မှ ရောက်ရှိလာတဲ့သူတွေက ခရီးသည် ၁၃၁ဦးနှင့်လေယာဉ်အမှုထမ်း၁၂ ဦးတို့ဖြစ်ကြ ပါတယ်။ သူတို့ဟာ စင်္ကာပူလေဆိပ်ကိုမနက်၅နာရီမှာဆိုက်ရောက်လာကြတာပါ။  ထိခိုက်ဒဏ်ရာရ သူတွေနှင့် သူတို့မိသားစုတွေကတော့ ဘန်ကောက်မှာကျန်ရစ်ခဲ့ကြတာဖြစ်ပါတယ်။

Source Reuters