၂၁ မေ ၂၀၂၄

အမေရိကန်နိုင်ငံသားတွေနှင့်ဗြိတိန်နိုင်ငံသားတစ်ဦးအပါအဝင် နိုင်ငံခြားသားအတော်များများပါဝင်တဲ့ အာဏာသိမ်းဖို့ကြံစည်တဲ့ အုပ်စုတစ်စုကို တနင်္ဂနွေနေ့ မနက်လင်းအားကြီးအချိန်မှာ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ  နှိမ်နှင်းလိုက်နိုင်တယ်လို့ ကွန်ဂိုအစိုးရကသတင်းထုတ်ပြန်ပါတယ်။

အဆိုပါအာဏာသိမ်းအုပ်စုကို ကွန်ဂိုလူမျိုး အမေရိကန်နိုင်ငံသားခံယူထားတဲ့ ခရစ်ရှန် မာလန်ဂါဆိုသူက ကြိုး ကိုင်ခဲ့တာဖြစ်ပြီး သူဟာ လုံခြုံရေးတပ်တွေနှင့် ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်ကြစဉ်အတွင်း သေဆုံးသွား တယ်လို့ ကွန်ဂိုစစ်တပ်ပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ကြီး ဆိုင်ဗိန်းအက်ကင့်ရှ်က အတည်ပြုပြောကြားပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေဟာ မြို့တော် ကင်ရှာဆာ၊ ဂွမ်ဘီဧရိယာရှိ ကွန်ဂိုစီးပွားရေးဝန်ကြီး ဗစ်တဲလ်ကမာဟီ  ရဲ့ အိမ်အပြင်ဘက်မှာဖြစ်ပွားခဲ့တာပါ။အဲဒီအိမ်ဟာ သမ္မတ ဖီလစ် ရှီဆက်ကီဒီရဲ့ ရုံးတွေရှိတဲ့ နိုင်ငံတော် သမ္မတ အိမ်တော်ဝင်းအနီးမှာတည်ရှိပါတယ်။

လူ ၄၀ ဦးခန့်ပါဝင်တဲ့ အဆိုပါ တိုက်ခိုက်သူတွေကိုဖမ်းဆီးမိပြီး အဲဒီအထဲက မာလန်ဂါအပါအဝင် (၄)ဦးဟာ ပစ်ခတ်မှုတွေအတွင်း သေဆုံးသွားခဲ့ပါတယ်။

ဖမ်းဆီးမိသူတွေအထဲမှာ ဗြိတိန်နိုင်ငံသားတစ်ဦးပါဝင်ပြီး သူဟာ အဲဒီအာဏာသိမ်းအုပ်စုမှာ ဒုတိယ ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့သိရပါတယ်။မာလာဂါရဲ့သားဖြစ်သူ မာဆယ်မာလန်ဂါလည်း အာဏာသိမ်း ဖို့ကြံစည်တဲ့အုပ်စုထဲမှာ ပါဝင်တယ်လို့ ဗိုလ်ချုပ်ကြီးအက်ကင့်ရှ်ကပြောပါတယ်။

တိုက်ခိုက်မှုတွေမှာ ဝန်ကြီးကမာဟီနှင့်မိသားစု လွတ်မြောက်သွားခဲ့ပေမယ့် အစောင့်ရဲနှစ်ဦးကတော့ သေဆုံးသွားခဲ့ရပါတယ်လို့ ဝန်ကြီးရဲ့ အနီးကပ်သတင်းအရင်းအမြစ်တစ်ခုကပြောပါတယ်။

အာဏာသိမ်းရန်ကြံစည်သူတွေဟာ အသစ်ခန့်အပ်ခံထားရတဲ့ ဝန်ကြီးချုပ် ဂျူဒစ် ဆူမင်ဝါနှင့် ပြည်ထဲရေး      ဝန်ကြီး ယွန်းပီယဲဘမ်ဘာတို့ရဲ့အိမ်တွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ဖို့ရည်ရွယ်ထားခဲ့ကြပါတယ်။ဒါပေ  မယ့် သူတို့ဟာ ဝန်ကြီးချုပ်အိမ်ဘယ်မှာရှိသလဲ ရှာမရခဲ့ဖြစ်ခဲ့ရပြီး ဘမ်ဘာကိုလည်း သူ့အိမ်မှာရှာမတွေ့ဖြစ် ခဲ့တယ်လို့ဆိုပါတယ်။

ဝန်ကြီးအိမ်မှာ တိုက်ခိုက်မှုမအောင်မြင်ဖြစ်ပြီးနောက် သူတို့ဟာ သမ္မတနန်းတော်ဖက်ကို ဇိုင်ယာအလံ ကိုင်ဆောင်ပြီးဆက်သွားခဲ့ကြပါတယ်။ ဇိုင်ယာဆိုတာ  ၁၉၉၇ခုနှစ်မှာ ရာထူးမှဖြုတ်ချခံရတဲ့ အာဏာရှင် မိုဘူတူးဆီဆီဆီကို အုပ်ချုပ်ခဲ့တုန်းက ကွန်ဂိုရဲ့ယခင်အမည်ဟောင်းဖြစ်ပါတယ်။

ဒါပေမယ့် သူတို့အဖွဲ့ကို လုံခြံရေးတပ်ဖွဲ့တွေက ဟန့်တားနှိမ်နှင်းနိုင်ခဲ့ပါတယ်။

ကွန်ဂိုနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက သူမအနေနှင့် သတင်းကြားရတာ အတော်တုန်လှုပ်သွားတယ်လို့ပြောပြီး အာဖရိက သမဂ္ဂကတော့ အာဏာသိမ်းရန် ကြံ့စည်မှုကိုရှုတ်ချထားပါတယ်။

အာဏာပိုင်တွေက အာဏာသိမ်းမှုနှင့်ပတ်သက်လို့ အသေးစိတ်နားလည်အောင် အချက်အလက်တွေ ကြိုးစား     ရှာဖွေနေဆဲဖြစ်ကြောင်းသိရပါတယ်။

Source: Hindustan Times

@ymg/knl