Published 20 May 2024

ခံတွင်းအနံ့ဆိုးထွက်ခြင်းဟာ အကြောင်းအရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။
နယူးဂျာစီမှ ဆရာဝန် ဂျေဆန်အက်ဘ်ရာမိုဝစ်ဇ်က ခံတွင်းနံ့ဆိုးစေတဲ့ အကြောင်းအရင်း ၄ မျိုးကို ဖော်ပြလိုက်ပါတယ်။
 
(၁) ဗိုင်းရပ်စ် သို့မဟုတ် ရောဂါပိုးကူးစက်ခြင်း
အသက်ရှူလမ်းကြောင်းမှာ တစ်ခုခုရောဂါပိုးဝင်တဲ့အခါ ထိုဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေကို ခန္ဓာကိုယ်ကနေ ခုခံတိုက်ထုတ်တာကြောင့် အနံ့ဆိုးထွက်စေပါတယ်။

သလိပ်တွေနဲ့ ဘက်တီးရီးယားတွေ ရောထွေးပြီး အနံ့ဆိုးဖြစ်စေသလို အာခေါင်ခြောက်သွေ့ခြင်းကလည်း အနံ့ထွက်စေပါတယ်။ 

ဒီအတွက် ရေများများသောက်ပြီး အသက်ရှူလမ်းကြောင်းကို ဆေးကြောသင့်ပါတယ်။
 
(၂) အလာ့ဂျစ်များ
ဓာတ်မတည့်ခြင်းကြောင့်လည်း နှာခေါင်းတွင်း ရောင်ရမ်းစေပြီး ခံတွင်းနံ့ဆိုးစေပါတယ်။

အသက်ရှူလမ်းကြောင်း ဆေးကြောခြင်း၊ ရေသောက်ခြင်းတို့ဖြင့် အနံ့ဆိုးထွက်ခြင်းကို သက်သာစေနိုင်ပါတယ်။
 
(၃) အာသီးကျောက်တည်ခြင်း
အစားအစာ၊ ဆဲလ်သေများ၊ ဘက်တီးရီးယားတွေကနေ အကြွင်းအကျန်များ စုပြုံလာကာ အာသီးမျာ အဖုများဖြစ်လာပါတယ်။

ဘေးတဝိုက် ကယ်လ်စီယမ်တွေ ဖြစ်လာတဲ့အခါ မာကျောလာပြီး အာသီးမှာ ကျောက်တည်လာပါတယ်။

ထိုကျောက်တွေကို ဖယ်ဖို့အတွက် ဆားရည်ဖြင့် အာလုတ်ကျင်းနိုင်သလို သန့်စင်တဲ့ဂွမ်းတံဖြင့် ဖယ်ရှားနိုင်ပါတယ်။
 
(၄) အစာအိမ်ရေမျိုလျှံတက်ခြင်း
အစာအိမ်ကနေ အက်ဆစ်လျှံတက်ခြင်းကလည်း ခံတွင်းအနံ့ဆိုး ထွက်စေပါတယ်။

အစာအိမ်ထဲမှာ မကြေတဲ့အစာတွေ၊ သည်းခြေရည်တွေ၊ အစာအိမ်အက်ဆစ်တွေက အစာရေမျိုသို့ ပြန်တက်လာပြီး အနံ့ဆိုးထွက်စေပါတယ်။

အန်တဆစ်ဆေးများ သောက်ခြင်း၊ အကြော်အလှော်နဲ့ အစပ်များရှောင်ရှားခြင်းဖြင့် အစာအိမ်အက်ဆစ်ကို သက်သာစေပါတယ်။
Source: New York Post.
#World_Health
#Published 20 May 2024
#YMG #Yangon_Times #Yangon_Media_Group