၁၄ မေ ၂၀၂၄

ရုရှားသမ္မတဗလက်ဒီမာပူတင်သည် တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ မေလ ၁၆ ရက်မှ ၁၇ ရက် အထိ တရုတ်နိုင်ငံကို သွားရောက်မယ်လို့ ကရင်မလင်က သတင်းထုတ်ပြန်ပါတယ်။ ဒါဟာ ပူတင် အတွက် နောက်ထပ်သမ္မတသက်တမ်းအသစ်မှာ ပထမဆုံးသော နိုင်ငံရပ်ခြားခရီးဖြစ်ပါတယ်။

ရုရှားနှင့်တရုတ်ခေါင်းဆောင်နှစ်ဦးဟာ  ပြည့်စုံကျယ်ပြန်တဲ့ မိတ်ဖက်နှင့် မဟာဗျူဟာမြောက် အပြန်အလှန် ဆက်သွယ်မှုတွေနှင့်ပတ်သက်တဲ့ ကိစ္စအလုံးစုံကို အသေးစိတ်ဆွေးနွေးကြမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အဲဒီအပြင် ရုရှားနှင့်တရုတ်ဆက်ဆံရေး နောက်ထပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ ဦးတည်မှုတွေကိုလည်း ဆုံးဖြတ်ကြမယ်လို့ဆိုပါတယ်။

ပူတင်နှင့်ရှီတို့ဟာ နိုင်ငံတကာနှင့်ဒေသဆိုင်ရာ အပူတပြင်းအဖြစ်ဆုံးပြဿနာတွေကိုလည်း ဆွေးနွေးကြပါလိမ့်မယ်။ ခေါင်းဆောင်နှစ်ဦးဟာ ပူးတွဲကြေညာချက်တစ်စောင်နှင့် နိုင်နိုင်ငံအကြား စာချုပ်များစွာကို လက်မှတ်ရေးထိုးကြဖို့ရှိနေပါတယ်လို့လည်း သတင်းထုတ်ပြန်ချက်ကဆိုပြီး အသေးစိတ်ကိုတော့ထုတ်မပြောထားပါဘူး။

ပူတင်ဟာ တရုတ်နိုင်ငံရဲ့ ဒုတိယအဆင့်မြင့်ဆုံးခေါင်းဆောင်ဖြစ်တဲ့ ဝန်ကြီးချုပ် လီကျန်းနှင့်လည်း  နှစ်နိုင်ငံအကြားကုန်သွယ်ရေး၊စီးပွားရေးနှင့် လူသားချင်းပူးပေါင်းဆောင်ရွက်ရေးတွေကို ဆွေးနွေး ကြပါလိမ့်မယ်။အဲဒီအပြင်ပူတင်ဟာ ရုရှား-တရုတ်သံတမန်ဆက်ဆံရေး ၇၅နှစ်မြောက်အခမ်းအနားကိုလည်း ရှီနှင့်အတူတက်ရောက်ဖို့ရှိပြီး ရုရှား-တရုတ် ယဉ်ကျေးမှုနှစ်များ အစီအစဉ်ကို ဖွင့်လှစ်မှာဖြစ်ပါတယ်။

၂၀၂၃ခုနှစ် မတ်လက တရုတ်ခေါင်းဆောင်ရှီကျင့်ဖျင်ဟာ မော်စကိုသို့ အထင်ကရသွားရောက်လည်ပတ် ခဲ့ပါတယ်။ အဲဒီတုန်းကနှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်များစွာလက်မှတ် ရေးထိုးခဲ့ပါသည်။ အဲဒီနှစ်အောက်တိုဘာမှာ ပူတင်ဟာ ဘေဂျင်းမှာပြုလုပ်တဲ့ ရပ်ဝန်းတစ်ခုလမ်းကြောင်း တစ်သွယ်ဖိုရမ်ကိုတက်ရောက်ခဲ့ပြီး ရှီနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

@ymg/knl