Published 14 May 2024

ကာဇက်စတန် စီးပွားရေးဝန်ကြီးဟောင်းတစ်ဦးဟာ ဇနီးဖြစ်သူကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုဖြင့် ကျယ်ကျယ်ပြန့်ပြန့် အမှုစစ်ဆေးခံရပြီးနောက် တနင်္လာနေ့က ထောင်ဒဏ် ၂၄ နှစ် ပြစ်ဒဏ်ပေးခံခဲ့ရပါတယ်။

ထိုအမှုစစ်ဆေးချက်ကို လူအများစောင့်ကြည့်ခဲ့ကြပြီး အမျိုးသမီးများရဲ့ အခွင့်အရေးရပိုင်ခွင့်များကို မြှင့်တင်ပေးမယ်ဆိုတဲ့ နိုင်ငံတော်သမ္မတရဲ့ ကတိကဝတ် တိကျပြတ်သားမှုကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုကြပါတယ်။

အသက် ၄၄ နှစ်ရှိ ကွမ်ဒစ်ဘီရှင်ဘာယက်ဗ်ဟာ ညှင်းပန်းနှိပ်စက်မှုနဲ့ လူသတ်မှုတို့ ကျူးလွန်တယ်လို့ တရားရုံးက အပြစ်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အမှုစစ်ဆေးခြင်းကို လွန်ခဲ့တဲ့ သီတင်းပတ် ၇ ပတ်စလုံး ရုပ်သံကနေ တိုက်ရိုက်ပြသခဲ့ပြီး အထက်တန်းလွှာ လူတန်းစားတွေလည်း ဥပဒေအထက်မှာ ရှိမနေဘူးဆိုတာကို အာဏာပိုင်တွေက ချပြဖို့ ကြိုးပမ်းနေတယ်လို့ ယူဆကြပါတယ်။

အမှုစစ်ဆေးစဥ် ပြသတဲ့ စီစီတီဗီ မှတ်တမ်းများအရ ဘီရှင်ဘာယက်ဗ်ဟာ အသက် ၃၁ နှစ်အရွယ် ဇနီးဖြစ်သူ ဆယ်လ်တာနက်နွတ်ခယ်နိုဗာကို အကြိမ်ကြိမ် ထိုးကြိတ်ကန်ဆောင့်ခဲ့ပြီး ဆံပင်ကနေဆွဲကာ အခန်းတစ်ခန်းသို့ တရွတ်တိုက်ဆွဲသွားခဲ့ပြီးနောက် ထိုအခန်းမှာပင် သေဆုံးသွားခဲ့ပါတယ်။

ဘီရှင်ဘာယက်ဗ်ရဲ့ လက်ကိုင်ဖုန်းထဲက ဗီဒီယိုတွေထဲမှာလည်း ၂၀၂၃ နိုဝင်ဘာ ၉ ရက်နေ့နံနက်ခင်း ဒဏ်ရာတွေရပြီး သွေးတွေထွက်နေတဲ့ နွတ်ခယ်နိုဗာ သတိမလစ်ခင် နောက်ဆုံးအချိန်တွေမှာ စော်ကားပြောဆိုခဲ့တာတွေကို တွေ့ရှိရပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က သမ္မတဖြစ်လာတဲ့ ကာဆင်ယိုမတ်တိုကာယက်ဗ်က အမျိုးသမီးများ အခွင့်အရေး တိုးမြှင့်ခြင်း အပါအဝင် ပိုမိုမျှတမှုရှိတဲ့ လူ့အသိုင်းအဝိုင်း ဖန်တီးလိုကြောင်း ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့လက လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ အိမ်တွင်းအကြမ်းဖက်မှု ပြစ်မှုမြောက်ခြင်းဥပဒေ နောက်ကွယ်က လူထုထောက်ခံမှုကို ထိုအမှုကိစ္စက စုစည်းစေခဲ့ပါတယ်။

အစိုးရအချက်အလက်များအရ ကာဇက်စတန်မှာ အမျိုးသမီး ၆ ဦးမှာ ၁ ဦးနှုန်းက အမျိုးသားလက်တွဲဖော်ရဲ့ နှိပ်စက်ခြင်းကို ခံစားနေရပါတယ်။

အမှုစစ်ဆေးစဥ်မှာ ဘီရှင်ဘာယက်ဗ်က သူ့ဇနီးကို ရိုက်နှက်ခဲ့တယ်လို့ ဝန်ခံခဲ့ပေမယ့် အချို့ဒဏ်ရာတွေက သူမကိုယ်တိုင် ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ညှင်းပန်းနှိပ်စက်ခြင်းနဲ့ သတ်ဖြတ်ရန် ကြိုးပမ်းခြင်းမျိုး မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

သူဟာ ၂၀၁၆ မေလကနေ ဒီဇင်ဘာလအထိ စီးပွားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လာဘ်ပေးလာဘ်ယူမှုဖြင့် ၂၀၁၈ ခုနှစ်က တရားစွဲဆိုခံခဲ့ရကာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကတိဝန်ခံချက်တို့ကြောင့် ၃ နှစ်မပြည့်ခင်မှာပဲ ထောင်မှလွတ်လာခဲ့ပါတယ်။
Source: Reuters
#World_News
#Published_ 14 May 2024
#Yangon_Times #YMG_News #Yangon_Media_Group