Published 03 May 2024

နိုင်ဂျာနိုင်ငံထဲက အမေရိကန်တပ်များ ရှိနေတဲ့ လေတပ်စခန်းတစ်ခုသို့ ရုရှားတပ်များ ဝင်ရောက်လာကြောင်း အမေရိကန် ကာကွယ်ရေး အကြီးတန်းအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပြခဲ့ပါတယ်။

နိုင်ဂျာမှ စစ်အာဏာရှင်က အမေရိကန်တပ်များကို တိုင်းပြည်တွင်းမှ နှင်ထုတ်ရန် ဆုံးဖြတ်ပြီးနောက် အခုလို ရုရှားတပ်များ ဝင်ရောက်လာတာ  ဖြစ်ပါတယ်။

နိုင်ဂျာကို အုပ်စိုးနေတဲ့ စစ်အရာရှိများက အမေရိကန်စစ်မှုထမ်း ၁ ထောင်နီးပါးကို ဆုတ်ခွာပေးဖို့ မှာကြားထားပါတယ်။

ယမန်နှစ်ကအထိ သူပုန်များကို အမေရိကန်က တိုက်ခိုက်ပေးရာမှာ အာဏာသိမ်းစစ်တပ်က အဓိကမိတ်ဆွေ ဖြစ်ခဲ့ပါတယ်။

ရုရှားတပ်တွေက အမေရိကန်တပ်တွေနဲ့ ရောနှောနေထိုင်ခြင်းမရှိဘဲ နိုင်ဂျာမြို့တော် ဒီယော်ရီဟာမာနီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဘေး လေတပ်အခြေစိုက်စခန်း ၁၀၁ ရှိ သီးခြားလေယာဥ်ရုံတစ်ခုမှာ နေထိုင်ပါတယ်။

ရုရှားနဲ့ အမေရိကန်တို့ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ပြိုင်ဆိုင်မှုပြင်းထန်နေချိန်မှာ ယခုလိုမျိုး အမေရိကန်တပ်တွေနဲ့ ရုရှားတပ်တွေ အနီးကပ်ဆုံးအနေအထား ရောက်ရှိလာပါတယ်။

အာဖရိကနိုင်ငံအချို့မှာ အာဏာသိမ်းမှုများ ဖြစ်ပွားပြီး အာဏာရလာသူတွေက အနောက်တိုင်းအစိုးရများနဲ့ ကင်းကွာချင်တာကြောင့် အမေရိကန်နဲ့ မဟာမိတ်တပ်များကို ဆုတ်ခွာခိုင်းနေကြပါတယ်။

ရုရှားကတော့ အာဖရိကနိုင်ငံတွေနဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ ကြိုးပမ်းလာပါတယ်။

မာလီနိုင်ငံဆိုရင် မကြာသေးမီနှစ်များအတွင်း ရုရှားနဲ့ အရင်းနှီးဆုံး အာဖရိကနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်လာပြီး ရုရှားမှ ဝက်ဂ်နာကြေးစားအဖွဲ့က မာလီမှ ဂျီဟဒ်သူပုန်များကို ကူညီတိုက်ခိုက်ပေးခဲ့ပါတယ်။

နိုင်ဂျာမှာ ရုရှားစစ်မှုထမ်း ၆၀ ခန့်ရှိလိမ့်မယ်လို့ နိုင်ဂျာအာဏာပိုင်များက ပြောကြားထားကြောင်း အမေရိကန် အရာရှိတစ်ဦးက ဆိုပါတယ်။

အမေရိကန်တပ်တွေနဲ့ ထောက်လှမ်းရေးစနစ်တွေ မရှိတဲ့အခါ ဆာဟယ်ဒေသမှာ အစ္စလာမ်စစ်သွေးကြွတွေ တိုးချဲ့လာမှာကို အမေရိကန်က စိုးရိမ်နေပါတယ်။

အမေရိကန်တပ်များ တရားဝင် စနစ်တကျ ဆုတ်ခွာဖို့အတွက် နိုင်ဂျာသို့ ကြယ် ၂ ပွင့်ဗိုလ်ချုပ်တစ်ဦးကို အမေရိကန်က စေလွှတ်လိုက်ပါတယ်။
Source: Reuters
#World_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group