Published 02 April 2024

အစ္စရေးလ်လက်ချက်လို့ သံသယရှိတဲ့ စစ်လေယာဥ်တွေဟာ ဆီးရီးယားနိုင်ငံရှိ အီရန်သံရုံးကို တနင်္လာနေ့က ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အီရန်ရဲ့ တပ်မှူး ၃ ဦးအပါအဝင် စစ်ရေးအကြံပေးပုဂ္ဂိုလ် ၇ ဦးသေဆုံးခဲ့တယ်လို့ အီရန်ဘက်က ပြောကြားလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အစ္စရေးလ်စစ်ပွဲအတွင်း ဒေသတွင်းရန်သူများနဲ့ တင်းမာမှုကြီး မြင့်တက်လာတဲ့ သဘောဖြစ်နေပါတယ်။

သံရုံးခြံဝင်းအတွင်း ပျက်စီးသွားတဲ့ အဆောက်အအုံကြားကနေ အရေးပေါ်ကယ်ဆယ်ရေးသမားများ ဝင်ရောက်နေပုံတွေကို ရိုက်တာသတင်းထောက်များ မြင်တွေ့ခဲ့ရပါတယ်။

ဒါမတ်စ်ကပ်စ်ရှိ အီရန်ကောင်စစ်ဝန်ရုံးကို ပစ်မှတ်ခဲ့ပြီး အပြစ်မဲ့လူတွေ သေစေခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြီးကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး ဖေဆယ်လ်မက်ခ်ဒက်က ပြောကြားလိုက်ပါတယ်။

ကျဆုံးသွားတဲ့ အီရန်စစ်ရေးအရာရှိ ၇ ဦးထဲမှာ မိုဟာမက်ရီဇာဇာဟယ်ဒီလည်း ပါဝင်ပြီး Quds Force မှာ အကြီးတန်းတပ်မှူးတစ်ဦး ဖြစ်ပါတယ်။

အစ္စရေးလ်က ဆီးရီးယားရှိ အီရန်စစ်ရေးအချက်အခြာများနဲ့ လက်ခွဲများကို ပစ်မှတ်ထားတာ ကြာပြီဖြစ်ပြီး ယခုတိုက်ခိုက်မှုကတော့ ပထမဆုံးဖြစ်ပါတယ်။

အစ္စရေးလ်စစ်တပ်က ဆီးရီးယားရှိ အီရန်အစ္စလာမ် တော်လှန်ရေးအစောင့်တပ်တွေနဲ့ အီရန်နောက်ခံပြု လက်ဘနွန်လက်နက်ကိုင် ဟက်ဇ်ဘိုလာတို့ကို လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာပါတယ်။

အမည်မဖော်လိုတဲ့ အစ္စရေးလ်အရာရှိ ၄ ဦးရဲ့အဆိုအရ အစ္စရေးလ်က တိုက်ခိုက်မှုလုပ်ခဲ့တာ ဖြစ်တယ်လို့ နယူးယော့ခ်တိုင်းမ်သတင်းက ဖော်ပြထားပါတယ်။

ဒါဟာ ဒေသတွင်းလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို အကြီးအကျယ် ခြိမ်းခြောက်ရာကျပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေနဲ့ ရှုတ်ချပေးဖို့ ဆီးရီးယားဆိုင်ရာ အီရန်သံအမတ်က တိုက်တွန်းလိုက်ပါတယ်။

ဒီရာဇဝတ်မှုဟာ လက်တုန့်မပြန်ဘဲနဲ့ မပြီးဆုံးနိုင်ဘူးလို့ ဟက်ဇ်ဘိုလာအဖွဲ့က ပြောပါတယ်။

အီရတ်၊ ဂျော်ဒန်၊ အိုမန်၊ ပါကစ္စတန်၊ ဆော်ဒီ၊ ကာတာ၊ ယူအေအီးအပါအဝင် မွတ်ဆလင်နိုင်ငံများအပြင် ရုရှားကလည်း တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပါတယ်။

ထိုဒေသတွင်း တင်းမာမှုထပ်မံမြင့်မားလာမှာကို အမေရိကန်က စိုးရိမ်နေပါတယ်။
Source: Reuters
#World_News
#Published_ 28 March 2024
#YMG_News #Yangon_Times #Yangon_Media_Group