#World_News
Published 01 March 2024


ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာရှိ ၆ ထပ်တိုက်တစ်လုံးဟာ ညဘက်ကြီး အကြီးအကျယ် မီးလောင်ကျွမ်းခဲ့သဖြင့် အနည်းဆုံး လူ ၄၃ ဦးသေဆုံးကာ ဒါဇင်ခန့်ဒဏ်ရာရခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

 

ကြာသပတေးနေ့က ဘိုင်လီလမ်းမပေါ်ရှိ နာမည်ကြီးဒံပေါက်ဆိုင်တစ်ဆိုင်မှာ မီးအစပြုခဲ့တာဖြစ်ပြီး အခြားအထပ်များသို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့တယ်လို့ မီးသတ်အရာရှိများက ဆိုပါတယ်။

 

ကျန်းမာရေးဝန်ကြီး ဆာမန်တာလယ်ဆင်က ဒါကာဆေးဘက်ဆိုင်ရာ ကောလိပ်ဆေးရုံသို့ သွားရောက်ခဲ့ပြီးနောက် အနည်းဆုံး လူ ၄၃ ဦးသေဆုံးပြီး မီးလောင်ဒဏ်ရာရထားတဲ့ ၂၂ ဦးကို ဆေးရုံမှာကုသပေးနေတယ်လို့ သောကြာနေ့အစောပိုင်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

မီးလောင်ဒဏ်ရာ အပြင်းအထန်ရထားတဲ့ ၂၂ ယောက်စလုံး အရေးပေါ်အခြေအနေ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။


မီးလောင်ကျွမ်းရတဲ့ အကြောင်းအရင်းကို သေချာမသိရသေးဘဲ မီးသတ်အဖွဲ့ ၁၃ ဖွဲ့မှ ၂ နာရီကျော်ကြာ ကြိုးပမ်းမီးသတ်ခဲ့ပြီးနောက် ထိန်းချုပ်နိုင်ခဲ့တယ်လို့ မီးသတ်အရာရှိများက ပြောပြပါတယ်။

 

ပြတင်းပေါက်ကွဲတစ်ခုကနေ ခုန်ထွက်ပြီး မီးဘေးကြားက သီသီလေး လွတ်မြောက်ခဲ့တဲ့ မိုဟာမက်အယ်တက်ဖ်က ယင်းကိုယ်တိုင် လွတ်မြောက်ခဲ့ပေမယ့် လုပ်ဖော်ကိုင်ဖက် ၂ ဦးကတော့ သေဆုံးသွားကြောင်း သတင်းထောက်တွေကို ပြောပြပါတယ်။

 

သောကြာနေ့ အစောပိုင်းမှာ မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသွားသူတွေရဲ့ သက်ဆိုင်သူများ ဆေးရုံသို့ ရောက်ရှိလာကာ အလောင်းတွေကို လက်ခံရယူခဲ့ကြသလို အချို့ကတော့ အရေးပေါ်ဌာန အပြင်ဘက်မှာ ပူဆွေးဝမ်းနည်းနေကြပါတယ်။

 

သေဆုံးသွားသူအများစုက အသက်ရှူကြပ်တာကြောင့် ဖြစ်ကြပြီး အချို့ကတော့ တိုက်ပေါ်ကခုန်ချရင်း သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

 

မီးသတ်သမားတွေက ကရိန်းများဖြင့် တိုက်ပေါ်ကလူတွေကို ကယ်ဆယ်ခဲ့ကြပြီး ဂတ်စ်ယိုစိမ့်မှု ဒါမှမဟုတ် ဂတ်စ်မီးဖိုကနေ မီးစတင်ခဲ့တာ ဖြစ်မယ်လို့ ဘင်္ဂလားဒေ့ရှ် မီးသတ်ဌာနနဲ့ အရပ်ဘက်ကာကွယ်ရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီး မိန်းအူဒင်က ပြောပြခဲ့ပါတယ်။

 

ထိုအဆောက်အအုံ အထပ်တိုင်းမှာ ဂတ်စ်အိုးများရှိနေပြီး အလွန်အန္တရာယ်များတဲ့ တိုက်ဖြစ်ကာ အဖြစ်အပျက်ကို စုံစမ်းရန် အဖွဲ့ဝင် ၅ ဦးပါဝင်တဲ့ ကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။

 

ဘင်္ဂလားဒေ့ရှ်မှာ ပြည်တွင်းစီးပွားရေး ရုတ်တရက် ထိုးတက်လာပေမယ့် ဘေးကင်းလုံခြုံမှုအပိုင်းမှာတော့ စိတ်ချရခြင်းမရှိဘဲ ပြီးခဲ့တဲ့နှစ်များအတွင်း မီးဘေးကြောင့် လူပေါင်းရာချီ သေဆုံးခဲ့ပါတယ်။

 

#World_News #ခြောက်ထပ်အဆောက်အအုံမီးလောင် #အနည်းဆုံး(၄၃)ဦးသေဆုံး #Source: Reuters