#World_News
Published 29 February 2024
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နှစ်စဥ်ကျန်းမာရေး ဆေးစစ်မှုကို ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ရာမှာ အခြေအနေ ကောင်းမွန်ခဲ့ပြီး ယင်းကို ဆရာဝန်တွေက အသက်နဲ့မလိုက်အောင် ငယ်တယ်လို့ ထင်နေကြကြောင်း နောက်ပြောင်ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်ရွေးကောက်ပွဲမတိုင်မီ အသက် ၈၁ နှစ်ရှိနေမှာဖြစ်တဲ့ ဘိုင်ဒင်ကို အားလုံးက သေချာစိစစ်နေကြတာ ဖြစ်ပါတယ်။
ထိုနေ့နောက်ပိုင်းမှာပဲ ဆေးစစ်ချက်ရလဒ် အနှစ်ချုပ်ကို ဝေါလ်တာရိဒ် တပ်မတော်ဆေးဘက်ဆိုင်ရာဌာနမှ ထုတ်ပြန်သွားမှာဖြစ်ပြီး အတိအကျကိုလည်း များမကြာခင်မှာပဲ ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်နဲ့ ထပ်မံယှဥ်ပြိုင်ရဖွယ်ရှိတဲ့အပေါ် ဆေးစစ်ချက်တွေက စိုးရိမ်စရာ ဖြစ်လာမလားဆိုတာနဲ့ ပတ်သက်ပြီး ဘိုင်ဒင်ကို မေးမြန်းရာမှာ ဆရာဝန်တွေက ငယ်လွန်းတယ်လို့ ထင်နေကြကြောင်း၊ မနှစ်ကနဲ့ ဘာမှမကွာခြားကြောင်း၊ ဆေးစစ်ချက်အရ သမ္မတတာဝန်ထမ်းဆောင်ရန် သင့်လျော်ကြောင်း အိမ်ဖြူတော်မှာ ပြောကြားသွားပါတယ်။
ဘိုင်ဒင်ကို ကာလကြာရှည်စွာ ကျန်းမာရေးစောင့်ရှောက်လာခဲ့တဲ့ ဆရာဝန် ကီဗင်အိုကွန်နာက ဆေးစစ်ချက်တွေနဲ့ ပတ်သက်ပြီး ကျေနပ်နေကြောင်း၊ ဆေးစစ်ချက် လေ့လာအကဲဖြတ်ရာမှာ ဆရာဝန်အယောက် ၂၀ ခန့်ပါဝင်ကြောင်း အိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် သမ္မတဟာ မှတ်ဉာဏ်စမ်းသပ်မှု ပြုလုပ်ရန် မလိုအပ်ဘူးလို့ ဆရာဝန်တွေက သုံးသပ်ခဲ့ကြပါတယ်။
ဒုတိယအကြိမ် သမ္မတသက်တမ်း ကုန်ဆုံးတဲ့အချိန်မှာ အသက် ၈၆ နှစ် ရှိနေမှာဖြစ်တဲ့ ဘိုင်ဒင်အပေါ် မဲဆန္ဒပေးမယ့်သူတွေ စိုးရိမ်မှုမြင့်တက်နေတဲ့အချိန်မှာ အခုလို ဆေးစစ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ယခုလအတွင်း အထူးရှေ့နေတစ်ဦးက ဘိုင်ဒင်ကို အသက်ကြီးပြီး မေ့လျော့တတ်သူလို့ ဖော်ပြခဲ့ပြီးနောက် ဘိုင်ဒင်ရဲ့ အသက်အရွယ်ကိစ္စက ပိုမိုဆိုးရွားလာခဲ့ပါတယ်။
မနှစ်က ဆေးစစ်မှုမှာ ရင်ဘတ်ကနေ အရေပြားအကျိတ်တွေကို ဖယ်ရှားခဲ့ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက် ရရှိခဲ့ပါတယ်။
ဘိုင်ဒင်နဲ့ အသက် ၄ နှစ်လောက်သာငယ်တဲ့ ထရမ့်က ဘိုင်ဒင်ကို အသက်အရွယ်နဲ့ ပတ်သက်ပြီး တိုက်ခိုက်ဝေဖန်ခဲ့ပေမယ့် ထရမ့်ကိုယ်တိုင်ကပင် ထိပ်သီးပုဂ္ဂိုလ်အမည်တွေကို လွဲမှားပြောဆိုခဲ့ပါတယ်။
#World_News #ဂျိုးဘိုင်ဒင်ဆေးစစ်မှုခံယူ #အသက်နှင့်မလိုက်အောင်ငယ်လွန်းနေ #Source: NDTV