#World_News
Published 14 February 2024


အင်ဒိုနီးရှားနိုင်ငံတဝှမ်း ဗုဒ္ဓဟူးနေ့မှာ သမ္မတ ဂျိုကိုဝီဒိုဒိုနေရာဆက်ဆံရန် ရွေးကောက်ပွဲအတွက် မဲဆန္ဒပေးကြမှာဖြစ်ပြီး သူ့ရဲ့လွှမ်းမိုးမှုကပဲ ဘယ်သူအနိုင်ရသွားလဲဆိုတာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

 

တစ်နေ့တည်းမှာပဲ ကျင်းပမယ့် ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲမှာ ကျွန်းဆွယ်ပေါင်း ၁၇၀၀၀ တလျှောက် နေရာပေါင်း ၂၀၆၀၀ အတွက် ကိုယ်စားလှယ်ပေါင်း ၂၅၉၀၀၀ နီးပါး ပါဝင်ယှဥ်ပြိုင်နေပေမယ့် ဆယ်စုနှစ်တစ်ခုနီးပါး အုပ်ချုပ်လာတဲ့ ဝီဒိုဒိုရဲ့ သမ္မတနေရာကို ဆက်ခံမယ့်သူကိုပဲ အားလုံးက စိတ်ဝင်စားနေကြပါတယ်။

 

ဂျိုကိုဝီလို့လည်း လူသိများတဲ့ ဝီဒိုဒိုရဲ့နေရာအတွက် ယှဥ်ပြိုင်သူတွေထဲမှာ အုပ်ချုပ်ရေးမှူးဟောင်းများဖြစ်တဲ့ ဂန်ဂျာပရာနိုဝို၊ အန်နီစ်ဘတ်စ်ဝယ်ဒန်တို့နဲ့အတူ အထူးတပ်ဖွဲ့များဗိုလ်မှူးဟောင်း ပရာဘိုဝိုဆူဘီယန်တိုတို့က နာမည်ကြီးနေပါတယ်။

 

ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ကျင့်သုံးလာတဲ့ မူဝါဒတွေကိုပဲ ထိန်းသိမ်းသွားနိုင်မယ့် ကိုယ်စားလှယ်လောင်းကို အလိုရှိကြောင်း၊ အစကနေပြန်စမယ်ဆိုရင် အချိန်ယူရဦးမှာ ဖြစ်ကြောင်း ဂျာကာတာအလယ်ပိုင်းမှာ မဲဆန္ဒပေးခဲ့တဲ့ အသက် ၄၂ နှစ်အရွယ် စွန့်ဦးတီထွင်သူ နိုဗန်မာရာဒိုနာက ပြောပြပါတယ်။

 

မဲဆန္ဒပေးရန် သတ်မှတ်ချိန် ၃ ချိန်ဖြင့် အချိန်ကာလ ၆ နာရီပေးထားပြီး အရှေ့ပိုင်းမှ မဲရုံတွေကတော့ အခုကတည်းက ဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။

 

ဂျာကာတာမှာ မိုးကြိုးမုန်တိုင်းများဖြင့် ရေကြီးနေတာကြောင့် အချို့နေရာတွေမှာ မဲပေးမှု အထနှေးနေပါတယ်။

 

နှောင့်နှေးမှုတွေက ဘယ်လောက်ကြာနိုင်ပြီး မဲပေးမှုကို သက်ရောက်နိုင်မလဲဆိုတာ မသိနိုင်ပေမယ့် ဂျာကာတာကပ်ဘေး ထိန်းချုပ်ရေးဌာနက ရေကြီးနေတဲ့ မဲရုံဓာတ်ပုံတွေနဲ့ မဲပေးစနစ်အတွက် ပစ္စည်းပစ္စယများကို ဘေးကင်းတဲ့နေရာသို့ ရွှေ့ပြောင်းနေတဲ့ဓာတ်ပုံတွေ ဖော်ပြထားပါတယ်။

 

ဂျာကာတာအလယ်ပိုင်းရှိ ရွာ ၁၀ ရွာမှာ မဲပေးမှုနှောင့်နှေးနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က အစောပိုင်းက ပြောကြားထားပါတယ်။

 

ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုက ဂျိုကိုဝီကို နှစ်ကြိမ်တိုင် ရှုံးနိမ့်ခဲ့ပြီးနောက် တတိယအကြိမ်မြောက် ပါဝင်ယှဥ်ပြိုင်နေပါတယ်။

 

ပြီးခဲ့တဲ့ ၂ ပတ် စစ်တမ်းကောက်ယူချက်များအရ ပရာဘိုဝိုက ၅၁.၈ နဲ့ ၅၁.၉ ရာခိုင်နှုန်း ထောက်ခံမှုရရှိထားကာ ရွေးကောက်ခံတစ်ဦးအနေနဲ့ အနိုင်ရဖို့အတွက်ဆိုရင် မဲဆန္ဒပေါင်း ၅၀ ရာခိုင်နှုန်းအထက်နဲ့ ကျန်ပြည်နယ်များတဝက်ရှိ မဲရုံတွေမှာ ၂၀ ရာခိုင်နှုန်း ရရှိထားဖို့ လိုပါတယ်။

 

အနာဂတ်အတွက် ဆုံးဖြတ်ချက်ဖြစ်လာစေမယ့် မဲပေးခွင့်တွေကို အလကားမဖြစ်စေဘဲ မဲရုံသွားပြီး ဆန္ဒပြုကြဖို့ ဖိတ်ခေါ်ပါကြောင်း အန်နီစ်က ပြောကြားသွားပါတယ်။

 

သန့်ရှင်းတဲ့ ရွေးကောက်ပွဲဖြစ်စေရန်နဲ့ ရိုးသားတိကျမှသာ ရွေးကောက်ခံတွေ မဲရလဒ်ကို လက်ခံနိုင်မှာဖြစ်ကြောင်း စထရပ်ဂယ်လ် ဒီမိုကရက်တစ်ပါတီမှ ဂန်ဂျာက မှာကြားလိုက်ပါတယ်။

 

#World_News #အင်ဒိုနီးရှားသမ္မတသစ် #ရွေးကောက်ပွဲစတင်ကျင်းပ #Source: Reuters