Published 07 February 2024

အဆင့်ဆင့် ထုတ်လုပ်ထုပ်ပိုးထားတဲ့ အစားအစာများနဲ့ အယ်လ်ဇိုင်းမားရောဂါတို့ကြား ဆက်စပ်နေတယ်လို့ လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။

ဘွန်းတက္ကသိုလ်မှ သုတေသီများက ဩစတြေးလျလူမျိုး ၄၃၈ ဦးကို စားသောက်မှုပုံစံနဲ့ ပတ်သက်ပြီး လေ့လာရာမှာ ၁၀၈ ဦးက အယ်လ်ဇိုင်းမားလက္ခဏာများ တွေ့ရှိခဲ့ပြီးနောက် အခုလိုကောက်ချက်ချလိုက်တာ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်ကတည်းက ထိုလူတွေကို စောင့်ကြည့်နေခဲ့ပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပေါ်လာခြင်းရှိမရှိ လေ့လာခဲ့ကြပါတယ်။

အယ်လ်ဇိုင်းမားလက္ခဏာ တွေ့ထားတဲ့သူတွေဟာ အသားသွတ်မုန့်များ၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ ပီဇာ၊ ဟမ်ဘာဂါများကို ပိုမိုစားသုံးကြပြီး အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် အစားနည်းတာကို တွေ့ရှိခဲ့ကြပါတယ်။

ဒါ့အပြင် ထိုလူတွေဟာ ဝိုင်သောက်သုံးမှုနည်းပါးတာကိုလည်း တွေ့ရှိရပါတယ်။

ဒီမန်ရှာရောဂါက တစ်ကမ္ဘာလုံးမှာ ကျန်းမာရေးပြဿနာ ဖြစ်နေပြီး လူပေါင်း ၅၅ သန်းခန့် ခံစားနေရကာ ၆၀ ရာခိုင်နှုန်းလောက်က ဝင်ငွေအလယ်အလတ်နဲ့ နည်းပါးတဲ့နိုင်ငံတွေမှ ဖြစ်ပါတယ်။

ဒီအရေအတွက်ကနေ လာမယ့် နှစ် ၂၀ အတွင်း ၈၂ သန်းအထိ ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။

ထိုရောဂါအတွက် ကုသနည်းမရှိသလို လူငယ်တွေအနေနဲ့ အသီးအရွက်ပိုစားပြီး အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ အစားအစာများ လျှော့ချစားသုံးဖို့ လိုအပ်နေပါတယ်။

သက်လတ်ပိုင်းအရွယ်မှာ ဦးနှောက်အတွင်း အယ်လ်ဇိုင်းမားရောဂါ စတင်လာပြီး ငယ်စဥ်မှာ နေထိုင်စားသောက်မှုပုံစံ မထိန်းသိမ်းနိုင်တာကြောင့် ဖြစ်လာတာပါ။

ဒီလိုစားသောက်မှုပုံစံက ဦးနှောက်ကျန်းမာရေး ထိခိုက်စေပြီး သွေးကြောပြဿနာများ၊ အဝလွန်ခြင်းတို့လည်း ဖြစ်စေနိုင်ပါတယ်။
Source: WION.
#World_Health
#Published_ 7 February 2024
#YMG #Yangon_Times #Yangon_Media_Group