#World_Military
Published 19 January 2024


နေတိုး(NATO)အဖွဲ့အစည်းက စစ်အေးတိုက်ပွဲနောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကြီး ပြုလုပ်ရန် စီစဥ်နေပြီး ပဋိပက္ခဖြစ်ပွားလာပါက ရုရှားနဲ့ ထိစပ်နေတဲ့ နိုင်ငံများနဲ့ နေတိုးအဖွဲ့ အရှေ့ဘက်ရှိ ဥရောပ မဟာမိတ်နိုင်ငံများထံ အမေရိကန်တပ်များ ဝင်ရောက်အားဖြည့်ကူညီမယ့် ပုံစံတွေကို ကြိုတင်လေ့ကျင့်သွားမှာ ဖြစ်ပါတယ်။

 

မေလမှာ ပြုလုပ်သွားမယ့် Steadfast Defender 2024 လေ့ကျင့်ရေးမှာ တပ်ဖွဲ့အင်အား ၉ သောင်းခန့် ပါဝင်သွားရန်ရှိကြောင်း နေတိုးထိပ်သီးတပ်မှူး ခရစ္စကာဗိုလီက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

 

လေ့ကျင့်မှုထဲမှာ လေယာဥ်တင်သင်္ဘောများမှ သင်္ဘောပေါင်း ၅၀ ကျော်နဲ့ ဖျက်သင်္ဘောများ၊ တိုက်လေယာဥ်၊ ရဟတ်ယာဥ်နဲ့ ဒရုန်းပေါင်း ၈၀ ကျော်၊ တင့်ကား ၁၃၃ စင်း ခြေလျင်တိုက်ခိုက်ရေးယာဥ် ၅၃၃ စီးအပါအဝင် တိုက်ခိုက်ရေးယာဥ် အနည်းဆုံး ၁၁၀၀ ပါဝင်ဖွယ်ရှိကြောင်း နေတိုးက ပြောကြားလိုက်ပါတယ်။

 

ရုရှားတိုက်ခိုက်မှုတွေကို ဘယ်လိုတုန့်ပြန် တိုက်ခိုက်မလဲဆိုတာတွေနဲ့ ပတ်သက်ပြီး နေတိုးရဲ့ ပထမဦးစားပေး ကာကွယ်ရေးအစီအစဥ်များ လေ့ကျင့်သွားမှာ ဖြစ်ကြောင်း ကာဗိုလီကဆိုပါတယ်။

 

နေတိုးက ရုရှားနာမည်ကို ထည့်သွင်းမကြေညာပေမယ့် ထိပ်သီးဗျူဟာမြောက် အချက်အလက်များအရ နေတိုးအဖွဲ့ဝင်တွေရဲ့ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေတဲ့ ရုရှားကို ဖော်ပြနေပါတယ်။

 

‘’Steadfast Defender 2024 လေ့ကျင့်ရေးမှာ ဥရောပကိုကာကွယ်ဖို့ မြောက်အမေရိကနဲ့ အခြားနေတိုးအဖွဲ့ဝင် နိုင်ငံများမှ တပ်ဖွဲ့များ အလျင်အမြန် နေရာချနိုင်ရေးကို ဖော်ဆောင်သွားမှာ ဖြစ်တယ်’’ လို့ နေတိုးက ဆိုပါတယ်။

 

အနီးစပ်ဆုံးရန်သူနဲ့ ပဋိပက္ခဖြစ်တဲ့ပုံစံမျိုးဖြင့် တပ်အင်အားဖြည့်သွားဖို့ လေ့ကျင့်သွားမှာ ဖြစ်ကြောင်း ၂ ရက်တာ အမျိုးသားကာကွယ်ရေး အကြီးအကဲများ အစည်းအဝေးပြီးနောက် ကာဗိုလီက ဘရူဆဲလ်မြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

၁၉၈၈ ခုနှစ် စစ်အေးတိုက်ပွဲအတွင်းက Reforger လေ့ကျင့်ရေးမှာ ပါဝင်လေ့ကျင့်သူ ၁၂၅,၀၀၀ ခန့်နဲ့ ၂၀၁၈ ခုနှစ်က Trident Juncture မှာ အယောက် ၅ သောင်းခန့် ပါဝင်ခဲ့တဲ့ လေ့ကျင့်ရေးတို့မှာ အကြီးမားဆုံး နောက်ဆုံးစစ်ရေးလေ့ကျင့်မှုတွေ ဖြစ်ခဲ့ပါတယ်။

 

လေ့ကျင့်ရေးမှာပါဝင်တဲ့ တပ်သားတွေက နေတိုးနိုင်ငံများနဲ့ ဆွီဒင်တို့မှ ဥရောပသို့ သွားရောက်ပြီး မဟာမိတ်သို့ပူးပေါင်းမယ့် ပုံစံမျိုးတွေ ပါဝင်ပါတယ်။

 

လေ့ကျင့်ရေး ဒုတိယအပိုင်းမှာ နေတိုးအရှေ့ဘက်ခြမ်းရှိ ပိုလန်သို့ တုန့်ပြန်ရေးတပ်များ အလျင်အမြန်နေရာချခြင်းကို အထူးပြုလေ့ကျင့်သွားမှာ ဖြစ်ပါတယ်။

 

အခြားအဓိကနေရာတွေကတော့ ရုရှားတိုက်ခိုက်မှု အခံရနိုင်ဆုံး ဂျာမနီ၊ နော်ဝေးနဲ့ ရိုမေးနီးယားတို့လို နိုင်ငံတွေဖြစ်ပါတယ်။

 

#World_Military #အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှု #တပ်သား(၉)သောင်းခန့်ပါဝင် #Source: Reuters