#World_News
Published 17 January 2024


ယူကရိန်း-ရုရှားစစ်ပွဲသာ ယခုလိုပုံစံမျိုး ဆက်သွားနေပါက ယူကရိန်းဟာ လွတ်လပ်သောတိုင်းပြည်အဖြစ်မှ ပြန်ပြောင်းပြုပြင်လို့မရလောက်အောင် ထိခိုက်သွားမှာဖြစ်ပြီး ရုရှားကလည်း သိမ်းပိုက်ရရှိထားသမျှကို ဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

 

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီရဲ့ တောင်းဆိုချက်ကြောင့် ဆွစ်ဇာလန်က ကမ္ဘာလုံးဆိုင်ရာ ထိပ်သီးအစည်းအဝေး ကျင်းပရန် သဘောတူညီခဲ့ပြီး နောက်တစ်ရက်မှာ ပူတင်က ယခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။


အနောက်တိုင်းနဲ့ ယူကရိန်းတို့ ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးလမ်းစဥ်များကို ပူတင်က ဂရုမစိုက်ဘဲ ယင်းတို့ဖြစ်ချင်နေတဲ့ ပိတ်ပင်ချက်များသာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

 

‘’သူတို့ မညှိနှိုင်းချင်ဘူးဆိုရင် မညှိနှိုင်းရုံပေါ့။ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် မအောင်မြင်တဲ့အပြင် ရုရှားတပ်တွေကပဲ အသာစီးရထားတယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒီပုံစံအတိုင်းသာဆိုရင် လွတ်လပ်သော တိုင်းပြည်အဖြစ်မှ ယူကရိန်းအတွက် ထိုးနှက်ချက်ပြင်းထန်ပါလိမ့်မယ်’’ လို့ ပြောကြားလိုက်ပါတယ်။

 

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်က ခိုင်မာစွာ နေရာချထားတဲ့ ရုရှားတပ်တွေကို အသာမရတာကြောင့် စစ်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ပူတင်က လတ်တလောရက်တွေမှာ ယုံကြည်ချက်ရှိစွာ ပြောကြားလာပါတယ်။

 

လက်ရှိမှာ ရုရှားက ယူကရိန်းနယ်မြေတွေရဲ့ ၁၇.၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပါတယ်။

 

ဆွေးနွေးညှိနှိုင်းမှုတွေက ပြီးခဲ့တဲ့ တစ်နှစ်ခွဲအတွင်း သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေကို စွန့်လွှတ်ချင်လာအောင် ကြိုးပမ်းတာဖြစ်ပြီး ဒါမျိုးက လုံးဝမဖြစ်နိုင်ပါဘူးလို့ ဆိုလိုက်ပါတယ်။

 

ဇယ်လန်စကီတင်ပြတဲ့ ငြိမ်းချမ်းရေးလမ်းစဥ်မှာ ယူကရိန်းအချုပ်အခြာ နယ်မြေတွေ ပြန်လည်မွမ်းမံရေး၊ တိုက်ခိုက်မှုများ ရပ်ဆိုင်ရေး၊ ရုရှားတပ်များ ဆုတ်ခွာခြင်းတို့ကို တောင်းဆိုထားပါတယ်။

 

ဘယ်လိုညှိနှိုင်းမှုမဆို မြေပြင်ကတပ်တွေ ဖန်တီးလိုက်တဲ့ လက်ရှိအခြေအနေတွေကို ထည့်သွင်းစဥ်းစားရလိမ့်မယ်လို့ ရုရှားက ပြောလိုက်ပါတယ်။

 

#World_News #လက်ရှိစစ်ပွဲအခြေအနေ #ယူကရိန်းကျရှုံးမည့်အန္တရာယ်ရှိနေ #Source: Reuters