#World_Politics
Published 06 January 2024


အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ပြည်နယ်တစ်ခုရဲ့ ရီပတ်ဘလစ်ကန် ပင်မမဲပေးမှုကနေ ပိတ်ပင်ခံရတဲ့ တရားစီရင်ရေး ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ဖို့ ကြိုးစားရာ အမေရိကန် တရားရုံးချုပ်က အဆိုပါ အယူခံဝင်ချက်ကို ကြားနာရန် ဒီဇင်ဘာ ၅ ရက်နေ့က သဘောတူလိုက်ပါတယ်။

 

ဒါဟာ ၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် နိုင်ငံရေးအရ ကြီးမားတဲ့ ဂယက်ရိုက်ခတ်မှုတွေ ရှိလာပါတယ်။

 

ထရမ့်ကို ပြည်နယ်ရဲ့ ရီပတ်ဘလစ်ကန် ပင်မမဲပေးမှုမှာ ပါဝင်ခွင့်မရသင့်ဘူးလို့ ကိုလိုရာဒိုပြည်နယ် တရားရုံးချုပ်ကနေ ဒီဇင်ဘာ ၁၉ ရက်နေ့က စီရင်ချက်ချတာဟာ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၄ ကြိမ်မြောက်ပြင်ဆင်ချက်အရ ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့မှာ ပုန်ကန်မှုပေါ်ပေါက်ရန် လှုံ့ဆော်ခဲ့တဲ့အပေါ် အခြေပြုထားပါတယ်။

 

တရားသူကြီးတွေက ထိုအမှုကို ပုံမှန်ထက် အလျင်အမြန် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

 

ပုန်ကန်မှုမှာ ပါဝင်ပတ်သက်တဲ့ မည်သူ့ကိုမဆို တားမြစ်ပိတ်ပင်ထားတဲ့ အခြေခံဥပဒေအရ ထရမ့်ဟာ သမ္မတရာထူးအတွက် ယှဥ်ပြိုင်ခွင့် မရသင့်ဘူးလို့ ပြည်နယ်တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

 

ကိုလိုရာဒိုရီပတ်ဘလစ်ကန်ပါတီကနေ သီးခြားအယူခံဝင်တာကိုတော့ တရားရုံးချုပ်က တုန့်ပြန်ဖြေကြားခြင်း မရှိပါဘူး။

 

ထရမ့်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဗင်ချောင်က အယူခံဝင်မှုကို ကြားနာမယ့် တရားရုံးဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ကာ ထရမ့်ကို ယှဥ်ပြိုင်ခွင့်မရစေရန် လက်ဝဲနိုင်ငံရေးသမားများ၊ နိုင်ငံရေးလှုပ်ရှားသူများက ငွေကြေးအင်အားကောင်းကောင်းဖြင့် ကြိုးပမ်းအားထုတ်နေကြတာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

 

ရီပတ်ဘလစ်ကန် အများစုကတော့ မဲပေးမှုမှာ ပါဝင်ခွင့်မရအောင် ကြိုးပမ်းနေတာတွေဟာ ရွေးကောက်ပွဲ အနှောင့်အယှက်ဖြစ်စေတယ်လို့ ဆိုကြပါတယ်။

 

အခြားတစ်ဖက်မှာတော့ ထရမ့်ကို ပုန်ကန်မှုအတွက် အခြေခံဖွဲ့စည်းပုံဥပဒေအရ ဆောင်ရွက်တာဟာ ဒီမိုကရေစီစံချိန်ကို ထိန်းသိမ်းရာရောက်တယ်လို့ ဆိုကြပါတယ်။

 

အယူခံဝင်မှုကို ကြားနာရန် ဆုံးဖြတ်လိုက်တာဟာ တရားသူကြီးတွေအတွက် သက်ရောက်မှုတွေ ရှိလာနိုင်ပြီး နိုင်ငံရေးအငြင်းအခုံ သဘာဝအရ ဘယ်ဘက်ကိုပဲ ယိုင်သည်ဖြစ်စေ ပါတီတစ်ဖက်ဖက်ကို ဘက်လိုက်တယ်လို့ စွပ်စွဲခံရမယ့် အလားအလာ ရှိနေပါတယ်။

 

#World_Politics #သမ္မတရွေးကောက်ပွဲ #ဒေါ်နယ်ထရမ့်အားပိတ်ပင်ခြင်းပြုမပြု #အမေရိကန်တရားရုံးချုပ်က ဆုံးဖြတ် #Source: CNA