#World_News
Published 25 December 2023


အစ္စရေးလ်-ဟားမတ်စ်စစ်ပွဲ အပစ်အခတ် ရပ်စဲရေးအတွက် အဆိုပြုချက်တစ်ရပ်ကို အီဂျစ်က တင်ပြခဲ့တယ်လို့ သတင်းမီဒီယာများ ဖော်ပြခဲ့တာကို အစ္စရေးလ်အရာရှိများက အတည်ပြုလိုက်ပါတယ်။

 

ထိုအဆိုပြုချက်ထဲမှာ ဂါဇာကမ်းမြောင်မှာ ဓားစာခံများအဖြစ် ဖမ်းဆီးခံထားရတဲ့ အစ္စရေးလ်အားလုံး ပြန်လွှတ်ပေးရန်လည်း ပါဝင်ပြီး အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟူ အစိုးရအဖွဲ့က ငြင်းပယ်ခြင်းမပြုဘဲ နောက်ထပ်ညှိနှိုင်းချက်တွေ ပါလာနိုင်တယ်လို့ အစ္စရေးလ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

 

ဒါပေမဲ့ ဟားမတ်စ်တို့အပေါ် အောင်ပွဲမရရှိသေးသရွေ့ အစ္စရေးလ်က ဂါဇာမှာ ဆက်လက်တိုက်ခိုက်နေမယ်လို့ နေတန်ယာဟူက ပြောပြခဲ့ပါတယ်။

 

တိုက်ခိုက်မှုတွေကို အဆုံးသတ်ပြီး ဓားစာခံအားလုံး လွှတ်ပေးရမယ့် အီဂျစ်ရဲ့အစီအစဥ်က အဆင့် ၃ ဆင့်ပါဝင်တယ်လို့ The Times of Israel မှာ ဖော်ပြထားပါတယ်။

 

ပထမအဆင့်က ၂ ပတ်ကြာ အတိုက်အခိုက်ရပ်စဲကာ အစ္စရေးလ်ဓားစာခံ အယောက် ၄၀ လွှတ်ပေးရန် ဖြစ်ပါတယ်။

 

အပြန်အလှန်အနေဖြင့် ပါလက်စ်တိုင်း အကျဥ်းသား ၁၂၀ လွှတ်ပေးရမည်ဖြစ်ပြီး အစ္စရေးလ်တင့်ကားတွေ နောက်ဆုတ်ပေးကာ ဂါဇာသို့ လူသားချင်းစာနာကူညီမှုများ ဝင်ရောက်ခွင့် ပေးရမှာဖြစ်ပါတယ်။

 

ဒုတိယအဆင့်က ပါလက်စ်တိုင်း အာဏာပိုင်များနဲ့ ဟားမတ်စ်အကြမ်းဖက်အဖွဲ့တို့ ဂိုဏ်းကွဲနေတာကို အဆုံးသတ်မယ့် ဆွေးနွေးပွဲပြုလုပ်ပြီး ဂါဇာပြန်လည်တည်ဆောက်ရေးနဲ့ ပါလက်စ်တိုင်း ပါလီမန်၊ သမ္မတရွေးကောက်ပွဲများ ပြုလုပ်သွားမယ့် အစိုးရသစ်ဆီသို့ ဖွဲ့စည်းသွားရန် ဖြစ်ပါတယ်။

 

တတိယအဆင့်မှာ အလုံးစုံအပစ်အခတ် ရပ်စဲရေးဖြစ်ပြီး ကျန်ရှိနေတဲ့ အစ္စရေးလ်ဓားစာခံတွေနဲ့ ပါလက်စ်တိုင်းအကျဥ်းသားတွေ အပြန်အလှန် လွှတ်ပေးရေးဖြစ်ပါတယ်။

 

အစ္စရေးလ်တပ်တွေ ဂါဇာကနေ ဆုတ်ခွာရမှာဖြစ်ပြီး စစ်တိမ်းရှောင်ကာ အိုးအိမ်စွန့်ခွာခဲ့ကြတဲ့ ဂါဇာဒေသခံတွေကို ပြန်ဝင်ခွင့်ပေးရန်လည်း ပါဝင်ပါတယ်။

 

၂၀၂၃ ခရစ္စမတ်အကြိုနေ့ဟာ အစ္စရေးလ်-ဟားမတ်စ်စစ်ပွဲ ၇၉ ရက်မြောက်တဲ့နေ့ ဖြစ်ပါတယ်။

 

#World_News #ငြိမ်းချမ်းရေးအဆိုပြုချက် #အစ္စရေးလ်-ဟားမတ်စ်စစ်ပွဲအပစ်အခတ်ရပ်စဲရေး #Source: WION