Published 18 December 2023 

 
လူအများဟာ စိတ်သက်သာရစေဖို့ အချိုများကို စားသုံးလေ့ရှိကြပြီး သကြားဓာတ်နဲ့ ကယ်လိုရီနည်းပါးတဲ့ သကြားမပါ အချိုဓာတ်ပစ္စည်းများဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ယူဆပြီး ရွေးချယ်စားသုံးနေကြပါတယ်။ 
 
အဆိုပါ အချိုဓာတ်ပစ္စည်းတွေဟာ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်စေတယ်လို့ အထောက်အထားများ တွေ့ရှိလာရပြီး စိတ်ဓာတ်ကျခြင်း ဖြစ်နိုင်ခြေများတာနဲ့လည်း ဆက်စပ်နေနိုင်တာကို တွေ့ရှိလာကြပါတယ်။ 
 
သဘာဝသကြားကပဲဖြစ်ဖြစ် အချိုဓာတ်ပစ္စည်းကပဲဖြစ်ဖြစ် ရရှိတဲ့ အချိုအရသာဟာ ဦးနှောက်ထဲက လမ်းကြောင်းတွေကို လှုံ့ဆော်ပေးပြီး ဒိုပါမင်းလိုပစ္စည်းတွေ ထွက်ရှိစေကာ ပျော်ရွှင်ကျေနပ်မှုကို ရရှိစေပါတယ်။
 
သကြားမပါ အချိုဓာတ်ပစ္စည်းတွေက သကြားအရသာကို တုပကာ ကယ်လိုရီမများစေဘဲ စိတ်ကျေနပ်မှုနဲ့ ကိုယ်အလေးချိန်တက်ခြင်း မရှိအောင် ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ 
 
အချို့လေ့လာချက်တွေအရ သကြားမပါ အချိုဓာတ်ပစ္စည်းတွေဟာ သဘာဝသကြားတွေလို ကျေနပ်မှုကို လှုံ့ဆော်မပေးနိုင်ဘဲ စိတ်ပျက်ခြင်းကိုသာ ဖြစ်စေပြီး အချိုများတဲ့ စားစရာတွေကို ပိုမိုစားသုံးမိကာ အဝလွန်ခြင်း ဖြစ်လာတတ်ပါတယ်။ 
 
လူတစ်ဦးချင်းစီက ထိုအချိုဓာတ်ပစ္စည်းတွေအပေါ် တုန့်ပြန်မှုက ကွဲပြားနိုင်ပြီး မျိုးဗီဇ၊ အူလမ်းကြောင်း ဘက်တီးရီးယား ဖွဲ့စည်းပုံ၊ စားသောက်နေထိုင်မှု ပုံစံတွေနဲ့လည်း သက်ဆိုင်နေပါတယ်။ 
 
လေ့လာချက်အများစုက aspartame နဲ့ sucralose တို့ကိုသာ လေ့လာထားကြပြီး အမျိုးမျိုးသောပစ္စည်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖို့ လိုအပ်ပါသေးတယ်။ 
 
အဆင့်ဆင့်ထုပ်ပိုးထုတ်လုပ်ထားတဲ့ စားစရာများနဲ့ ပတ်သက်ပြီး အမျိုးသမီး ၃ သောင်းရဲ့ ကျန်းမာရေးကို ၁၄ နှစ်တိုင်အောင် လေ့လာသုံးသပ်ခဲ့ကြပါတယ်။ 
 
သကြားမပါ အချိုဓာတ်ပစ္စည်းများ ပါဝင်တဲ့ သောက်စရာတွေက စိတ်ဓာတ်ကျနိုင်ခြေ အများဆုံးဖြစ်ပြီး အခြားစားစရာတွေကတော့ ဖြစ်နိုင်ခြေ ၂၆ ရာခိုင်နှုန်း ပိုများနေပါတယ်။ 
 
သကြားမပါ အချိုဓာတ်ပစ္စည်းများနဲ့ စိတ်ဓာတ်ကျခြင်းကြား ဆက်စပ်မှုကို တွေ့ရှိထားတာဟာ ခြုံငုံသုံးသပ်မှုသာဖြစ်ပြီး ထိန်းချုပ်စမ်းသပ်ထားတာမျိုး မဟုတ်တာကို သတိပြုရမှာဖြစ်ပါတယ်။ 
 
သေချာမသိရခင်အထိတော့ သကြားမပါ အချိုဓာတ်ပစ္စည်းတွေကို ကန့်သတ်စားသုံးသင့်ပြီး လေ့ကျင့်ခန်းပြုလုပ်ဖို့ကို သတိရပေးဖို့ အကြံပြုသွားပါတယ်။ 
Source: The Jerusalem Post
#World_Health
#Yangon_Media_Group
#YMG_News #Yangon_Times