#World_News
Published 11 December 2023


အစ္စရေးလ်တို့က ဂါဇာကမ်းမြောင်တောင်ပိုင်း အဓိကမြို့ဖြစ်တဲ့ ခန်းယူနစ်မြို့ဆီ ချီတက်တိုက်ခိုက်လျက်ရှိရာ အစ္စရေးလ်တင့်ကားများက တနင်္ဂနွေနေ့မှာ မြို့ရဲ့ဗဟိုအချက်အခြာသို့ ရောက်ရှိလာကြောင်း ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

 

ဟားမတ်စ် တိုက်ခိုက်ရေးသမား ဒါဇင်ခန့် အညံ့ခံခဲ့ကာ နောက်ထပ်များစွာကိုလည်း အညံ့ခံရန် တိုက်တွန်းထားကြောင်း အစ္စရေးလ်ခေါင်းဆောင်တို့က ပြောခဲ့ပေမယ့် ပါလက်စ်တိုင်း စစ်သွေးကြွအဖွဲ့ကတော့ ဒါတွေဟာ အခြေအမြစ်မရှိတဲ့ သတင်းမှားတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

တစ်ညလုံး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီးနောက် တင့်ကားတွေဟာ တောင်-မြောက် အဓိကလမ်းမကြီးကို ရောက်ရှိလာကြောင်း၊ တိုက်ခိုက်မှုနေရာရဲ့ အနောက်ပိုင်းမှာ တိုက်လေယာဥ်တွေ ပစ်ခတ်နေကြကြောင်း ခန်းယူနစ်မြို့မှာ နေထိုင်သူတွေက ပြောပြသွားပါတယ်။

 

အခြားနေရာတွေကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ လူတွေအများအပြား ရှိနေတဲ့ မြို့ထဲမှာ ပေါက်ကွဲသံတွေ အဆက်မပြတ် ကြားနေရပြီး မီးခိုးလုံးတွေ တလူလူပျံတက်နေပါတယ်။

 

ဂါဇာမှာ အပစ်အခတ်ရပ်စဲဖို့ကို အောင်မြင်အောင် မတိုက်တွန်းနိုင်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်က မကြာခင်မှာ လူစုခွဲထွက်ပြေးဖို့ အမိန့်ပေးရန်နဲ့ ပိုမိုဆိုးရွားတဲ့ အခြေအနေကြောင့် ကပ်ရောဂါ ဖြစ်ပွားလာမှာတွေ အီဂျစ်သို့ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းဖို့ တွန်းအားတွေ ဖြစ်လာမှာကို စိုးရိမ်ရကြောင်း ပြောကြားလိုက်ပါတယ်။

 

ဒါဟာ ကြောက်ရွံ့စရာအကောင်းဆုံး ညတစ်ညဖြစ်ကြောင်း၊ ပြန်လည်ခုခံတိုက်ခိုက်မှုက အလွန်ပြင်းထန်ပြီး သေနတ်သံတွေ ပေါက်ကွဲသံတွေကို နာရီအတော်ကြာ ကြားနေရကြောင်း ဂါဇာမြို့မှ ထွက်ပြေးလာပြီး ခန်းယူနစ်မှာ ခိုလှုံနေတဲ့ ကလေး ၄ ယောက်အဖေက ပြောပြသွားပါတယ်။

 

အောက်တိုဘာ ၇ ရက်နေ့က နယ်စပ်ဖြတ်ကျော်ပြီး အစ္စရေးလ်ကို ဝင်ရောက်တိုက်ခိုက်ကာ လူပေါင်း ၁,၂၀၀ ခန့်သတ်ဖြတ်ခဲ့ပြီး ဓားစာခံ ၂၄၀ ကို ခေါ်ဆောင်သွားခဲ့တဲ့ ဟားမတ်စ်စစ်သွေးကြွတွေကို အစ္စရေးလ်တို့က အမြစ်ပြတ်ချေမှုန်းရန် ဆုံးဖြတ်ထားပါတယ်။

 

အစ္စရေးလ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စ်တိုင်းဘက်မှ လူပေါင်း ၁၈,၀၀၀ ခန့် သေဆုံးထားပြီး ၅ သောင်းနီးပါး ဒဏ်ရာရရှိခဲ့ကာ ထောင်ပေါင်းများစွာ ပျောက်ဆုံးနေပါတယ်။

 

ခန်းယူနစ်မြို့ရှိ အဓိကဆေးရုံကြီး နက်ဆာဆေးရုံမှာ သေဆုံးသူတွေ ဒဏ်ရာရသူတွေနဲ့ ပြည့်နှက်နေပါတယ်။

 

ဂါဇာမြို့ခံအများစုဟာ သူတို့ရဲ့နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးနေရပြီး အစ္စရေးလ်တို့က အရပ်သားတွေကို အတတ်နိုင်ဆုံး ကာကွယ်ပေးမယ်လို့ ဆိုထားပေမယ့် ဒီကတိကို မထိန်းသိမ်းနိုင်ဘူးလို့ အနီးစပ်ဆုံးမဟာမိတ် အမေရိကန်ကပင် ဆိုထားပါတယ်။

 

#World_News #ဂါဇာတောင်ပိုင်း #အစ္စရေးလ်တင့်ကားများ #ခန်းယူနစ်မြို့လယ်သို့ရောက်ရှိ #Source: Reuters