#World_News
Published 09 December 2023


ဂါဇာမှာဖြစ်ပွားနေတဲ့ အစ္စရေးလ်နဲ့ ပါလက်စ်တိုင်း စစ်သွေးကြွ ဟားမတ်စ်အဖွဲ့တို့ရဲ့ စစ်ပွဲမှာ လူသားချင်းစာနာမှု ချက်ချင်း အပစ်အခတ်ရပ်စဲရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဆိုပြုချက်တစ်ရပ်ကို အမေရိကန်က သောကြာနေ့မှာ ဗီတိုအာဏာသုံး ပယ်ချလိုက်ပါတယ်။

 

ဒါဟာ အမေရိကန်က သူ့ရဲ့မဟာမိတ် အစ္စရေးလ်ကို ကာကွယ်ပေးလိုတာကြောင့် သံတမန်ရေးအရ သီးခြားကွဲထွက်စေခဲ့ပါတယ်။

 

ယူအေအီးမှတင်သွင်းတဲ့ အဆိုပါမူကြမ်းကို  ကျန် ၁၃ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး ဗြိတိန်ကတော့ ကြားနေဖြစ်ခဲ့ပါတယ်။

 

၂ လကြာမြင့်နေပြီဖြစ်တဲ့ စစ်ပွဲကြောင့် တစ်ကမ္ဘာလုံးအပေါ် ခြိမ်းခြောက်မှုရှိနေတာကို ကုလအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဗုဒ္ဓဟူးနေ့မှာ ကုလအဖွဲ့ဝင် ၁၅ နိုင်ငံကို သတိပေးခဲ့ပြီးနောက် မဲဆန္ဒပေးခြင်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

ဂါဇာမှာ တိုက်ခိုက်ခံနေရတာတွေကို ရပ်တန့်ဖို့ တောင်းဆိုရာမှာ မစည်းလုံးနိုင်ဘူးဆိုရင် ပါလက်စ်တိုင်းတွေနဲ့ အလားတူဖြစ်ရပ်မျိုး ကြုံတွေ့နေရတဲ့ ကမ္ဘာတဝှမ်းကလူတွေကို ဘယ်လိုဖြေသိမ့်ရပါ့မလဲလို့ ယူအေအီးမှ လက်ထောက်ကုလသံအမတ် မိုဟာမက်အဘူရှာဟက်က ကောင်စီမှာ တောင်းဆိုလိုက်ပါတယ်။

 

အမေရိကန်နဲ့ အစ္စရေးလ်တို့ကတော့ အပစ်အခတ်ရပ်စဲရေးကို ဆန့်ကျင်လိုက်ကာ ဒီလိုပြုလုပ်ခြင်းဟာ ဟားမတ်စ်တို့ အခွင့်သာစေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

 

ဒါပေမဲ့ အမေရိကန်က အရပ်သားများကို ကာကွယ်ပေးဖို့နဲ့ ဟားမတ်စ်တို့ဖမ်းဆီးထားတဲ့ အစ္စရေးလ်ဓားစာခံများကို ပြန်လွှတ်ရန်အတွက်တော့ ထောက်ခံထားပါတယ်။

 

ကုလသမဂ္ဂဆိုင်ရာ လက်ထောက်အမေရိကန်သံအမတ် ရောဘတ်ဝုဒ်က အဆိုပြုမူကြမ်းဟာ အလျင်စလိုချပြထားပြီး မမျှတတဲ့မူကြမ်းဖြစ်ကာ လက်တွေ့အခြေအနေတွေနဲ့ ကွဲလွဲနေကြောင်း၊ အပစ်အခတ်ရပ်စဲရေးက ရေရှည်မဟုတ်သလို နောက်ထပ်စစ်ပွဲကြီး ဖြစ်လာစေမယ့် လုပ်ရပ်မျိုးကို မထောက်ခံကြောင်း ကောင်စီမှာ ပြောကြားသွားပါတယ်။

 

ကုလဆိုင်ရာ ဗြိတိန်သံအမတ် ဘာဘရာဝုဒ်ဝါ့က အစ္စရေးလ်ဟာ ဟားမတ်စ်တို့ရဲ့ ခြိမ်းခြောက်လာမှုကို ဖြေရှင်းရန်လိုအပ်ကြောင်း၊ ဒီလိုဖြေရှင်းရာမှာ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောပြသွားပါတယ်။

 

ကုလဆိုင်ရာ အစ္စရေးလ်သံအမတ် ဂျီလတ်အာဒန်ကတော့ ဓားစာခံတွေအားလုံး ပြန်လွတ်ပြီး ဟားမတ်စ်တို့ပျက်စီးသွားပါမှ အပစ်အခတ်ရပ်စဲမှာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

 

အရပ်သားတွေကို ကာကွယ်ပေးလိုတဲ့ အစ္စရေးလ်ရည်ရွယ်ချက်နဲ့ မြေပြင်မှာဖြစ်နေတာတွေက ကွာခြားမှုရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

 

အစ္စရေးလ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၇,၄၈၀ သေဆုံးထားတယ်လို့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

#World_News #အပစ်အခတ်ရပ်စဲရေး #ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏မူကြမ်း #အမေရိကန်ဗီတိုအာဏာသုံးပိတ်ပင် #Source: Reuters