Published 07 December 2023

အမေရိကန် လက်စ်ဗေးဂတ်စ်ရှိ နေဗာဒါတက္ကသိုလ်မှာ ဗုဒ္ဓဟူးနေ့က သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၃ ဦးသေဆုံးခဲ့ကာ တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး သေနတ်သမားဟာလည်း ရဲတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောပြခဲ့ပါတယ်။

နံနက် ၁၁ နာရီ ၄၅ မိနစ်မှာ ပစ်ခတ်မှုတွေဖြစ်နေတယ်လို့ အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့က တက္ကသိုလ်ကျောင်းဝင်းသို့ ဖြန့်ကျက်ဝင်ရောက်လာကြပြီး ကျောင်းသားတွေနဲ့ ပရော်ဖက်ဆာတွေကတော့ စာသင်ခန်းတွေထဲမှာ ပုန်းခိုနေခဲ့ကြပါတယ်။

လီစီးပွားရေးကျောင်း ဖွင့်ထားတဲ့ ကျောင်းဝင်းအဆောက်အဦသို့ ဒေသခံရဲများ ဝင်ရောက်သွားခဲ့ကြကာ တက္ကသိုလ်စုံထောက် ၂ ဦးက တရားခံနဲ့ ပစ်ခတ်ခဲ့ပြီး ပစ်သတ်နိုင်ခဲ့ကြောင်း နေဗာဒါတက္ကသိုလ် လက်စ်ဗေးဂတ်စ်မှ ရဲမှူးချုပ်အဒမ်ဂါစီယာက ညနေခင်းသတင်းကွန်ဖရန့်မှာ ပြောကြားသွားပါတယ်။

သေနတ်ပစ်ခတ်မှုအကြောင်း ပထမဆုံးအကြောင်းကြားပြီးနောက် မိနစ် ၄၀ မှာ အားလုံးရှင်းလင်းသွားပြီလို့ အာဏာပိုင်များက ကြေညာခဲ့ပါတယ်။

ရဲတွေကသာ သေနတ်သမားကို မသတ်ခဲ့ဘူးဆိုရင် နောက်ထပ်လူအများအပြား သေဆုံးသွားနိုင်တယ်လို့ နယ်ထိန်းရဲ ကီဗင်မက်မာဟေးလ်က ပြောပြသွားပါတယ်။

ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အသေးစိတ် အကြောင်းအရာတွေကိုတော့ အာဏာပိုင်များ မထုတ်ပြန်ခဲ့ပါဘူး။

ပရော်ဖက်ဆာ ကယ်ဗာနေမာတင်နဲ့ အခြားဝန်ထမ်း၊ ကျောင်းသား ၃ ဦးတို့က စားပွဲခုံအောက်မှာ ပုန်းနေခဲ့ကြပါတယ်။

နောက်ထပ် ပရော်ဖက်ဆာတစ်ဦး ဝင်လာပြီး ထွက်ပြေးခိုင်းဖို့ ပြောတဲ့အခါ အခြားလူတွေနဲ့အတူ ထွက်ပြေးခဲ့ကြပြီး ကျောင်းဝင်းထဲကနေ ကားဖြင့် မောင်းထွက်သွားခဲ့ကြပါတယ်။

၃၃၂ ဧကကျယ်ဝန်းတဲ့ နေဗာဒါတက္ကသိုလ်ကျောင်းဝင်းဟာ လက်စ်ဗေးဂတ်စ်ကမ်းမြောင် အရှေ့ဘက် ၂ မိုင်အောက်သာ ကွာဝေးပြီး ကျောင်းဝင်းထဲမှာ ကျောင်းသား ဘယ်နှယောက် ရှိနေခဲ့လဲဆိုတာ မသေချာပါဘူး။

၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က ထိုမြို့မှာပဲ သေနတ်ပစ်ခတ်မှု အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး ဂီတပွဲတော်ကို တက်ရောက်လာတဲ့ သူတွေထဲက လူအယောက် ၆၀ သေဆုံးခဲ့ကာ ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

တက္ကသိုလ်မှာ သောကြာနေ့ အတန်းတွေ ဖျက်သိမ်းခဲ့ပြီး ဗုဒ္ဓဟူးနေ့ညနေက ဒေတန်တက္ကသိုလ်မှာ ကစားရန်စီစဥ်ထားတဲ့ ဘက်စ်ကက်ဘောပွဲကိုလည်း နေဗာဒါတက္ကသိုလ်က ဖျက်သိမ်းခဲ့ပါတယ်။
Source: AP News
#World_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group