၄ နိုဝင်ဘာ ၂၀၂၃

ကျူဘားနိုင်ငံကို သူလျှိုလုပ်ပေးမှုနှင့် အမေရိကန် သံအမတ်ကြီးဟောင်းတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။ သူဟာ အမေရိကန်ပြည်ထောင်စု ဆိုင်ရာ ဘိုလစ်ဗီယားနိုင်ငံသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကျူးဘားနိုင်ငံရဲ့ သူလျှိုအဖြစ် လျှို့ဝှက်စွာတာဝန်ထမ်းဆောင်ခဲ့သူလို့စွပ်စွဲပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့အေပီက သတင်းရေးသားပါတယ်။

အသက် ၇၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ သံအမတ်ကြီးဟောင်း မန်နျူယယ်ရိုချာကို သောကြာနေ့က မီယာမီမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အေပီသတင်းအရ တနင်္လာနေ့(ဒီဇင်ဘာ၄)ရက်နေ့ တရားရုံးထုတ်တဲ့အခါ အဆိုပါအမှုနှင့်ပတ်သက်တဲ့ အသေးစိတ်ကို လူသိရှင်ကြား ထုတ်ပြန်ပေးမယ်လို့ မျှော်လင့်ထားကြပါတယ်။

တရားရေးဌာနရဲ့ အမှုတွဲထဲမှာ ရိုချာဟာ ကျူဘားအစိုးရရဲ့ အကျိုးစီးပွားကို မြှင့်တင်ပေးဖို့ အလုပ်လုပ်ခဲ့သူလို့ စွပ်စွဲထားတယ်လို့ အမှုကို သိတဲ့ လူနှစ်ဦးထဲက တစ်ဦးက အေပီကိုပြောပါတယ်။

ရိုချာဟာ သံတမန်တစ်ဦးအဖြစ် ဒီမိုကရက်တစ်နှင့်ရီပတ်ဘလီကန်အစိုးရနှစ်ရပ်လုံးရဲ့ လက်အောက်မှာ ၂၅နှစ်အထိ အလုပ်လုပ်ခဲ့ပါတယ်။  စစ်အေးတိုက်ပွဲကာလအတွင်းသူဟာ လက်တင်အမေရိကနိုင်ငံအများစုမှာ တာဝန်ထမ်းခဲ့ပါတယ်။

ရိုချာဟာ အီတလီ၊ဟွန်ဒူးရပ်စ်၊မက္ကဆီကိုနှင့် ဒိုမီနီကန်သမ္မတနိုင်ငံတွေမှာလည်း အလုပ်လုပ်ခဲ့ပါတယ်။ ပြီးတော့ လက်တင်အမေရိက တစ်နိုင်ငံမှာ သူဟာ အမျိုးသားလုံခြုံရေးကောင်စီ ကျွမ်းကျင်သူပညာရှင်အဖြစ်လည်း အလုပ်လုပ်ခဲ့ပါသေးတယ်။

ရိုချာရဲ့ဇနီး ကာလ ဝစ်ကော့ပ်ရိုချာက သူ့ခင်ပွန်ဖမ်းဆီးထိန်းသိမ်းခံရတာနှင့်ပတ်သက်လို့ မှတ်ချက်ပေးဖို့ငြင်းဆန်ထားပါတယ်။

“ ရှင်တို့ကိုပြောဖို့မလိုဘူး” လို့ သူမက ပြောပြီးဖုန်းချသွားပါတယ်။ အမေရိကန်တရားရေးဌာနကလည်း မှတ်ချက်ပေးဖို့ ငြင်းထားပါတယ်။

Source FOX news/AP