Published 01 December 2023

မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနဲ့ နယ်စပ်တလျှောက်မှာ ပိုမိုအားကောင်းတဲ့ လက်နက်ကိုင်တပ်များ၊ လက်နက်အသစ်များ နေရာချထားရန် ကတိပြုလိုက်ပြီး ရန်သူတွေဘက်မှ ရန်စလာသမျှကို တုန့်ပြန်သွားရန် စစ်တပ်အသင့်ရှိနေဖို့အတွက် ခေါင်းဆောင်ကင်မ်ဂျုံအန်းက တောင်းဆိုလိုက်ပါတယ်။

တိုင်းပြည်ရဲ့ လေတပ်သားများနေ့ ကြာသပတေးနေ့မှာ ကင်မ်ဂျုံအန်းက လေတပ်ဌာနချုပ်သို့ သွားရောက်ခဲ့ပြီး စစ်တပ်အသင့်ရှိရေးနဲ့ စစ်ပွဲစွမ်းရည်များ တိုးတက်မှုရှိလာရန် ဗျူဟာမြောက် နည်းလမ်းညွှန်များကို ချပြခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြထားပါတယ်။

ဒီနောက် လေယာဥ်မှူးများ စစ်ရေးပြတဲ့ တိုက်လေယာဥ်စခန်းသို့လည်း သွားရောက်ခဲ့ပါသေးတယ်။

အရေးမသာတဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို လေယာဥ်မှူးများအနေနဲ့ အခက်အခဲမရှိ လေကြောင်းစစ်ဆင်ရေးများ အသင့်လှုပ်ရှားဆောင်ရွက်နိုင်စေရန် ကင်မ်ဂျုံအန်းက အတော်လေးမျှော်မှန်းထားတယ်လို့ KCNA က ဆိုပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်ရန် ရည်ရွယ်ကာ မြောက်ကိုရီးယားက ယင်းတို့ရဲ့ ပထမဆုံး ကင်းထောက်ဂြိုဟ်တုကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က အောင်မြင်စွာ လွှတ်တင်ခဲ့ပါတယ်။

ဒီလွှတ်တင်မှုဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပဋိဉာဥ်စည်းမျဥ်း အများအပြားကို ချိုးဖောက်ရာကျတယ်လို့ အမေရိကန်နဲ့ မဟာမိတ်များက စွပ်စွဲလိုက်ကာ အပြင်းအထန် ရှုတ်ချခဲ့ကြပါတယ်။

မြောက်ကိုရီးယားကတော့ နောက်ထပ်ဂြိုဟ်တုတွေ လွှတ်တင်ဦးမယ်လို့ ဆိုလိုက်ကာ ဒါဟာ ကိုယ်ပိုင်ကာကွယ်ခွင့်အတွက် ကျင့်သုံးတာလို့ သတ်မှတ်ထားပါတယ်။

ဂြိုဟ်တုလွှတ်တင်မှုကို တုန့်ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားဘက်က ကိုရီးယားနှစ်နိုင်ငံကြား စစ်ရေးသဘောတူညီချက် တစ်စိတ်တစ်ပိုင်းကို ရပ်ဆိုင်းလိုက်ကာ တင်းကြပ်စွာ စောင့်ကြပ်ထားတဲ့ မြောက်ကိုရီးယားနယ်စပ်တလျှောက် စောင့်ကြည့်ရေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။

ဒါကို မြောက်ကိုရီးယားဘက်ကလည်း နယ်စပ်တဝိုက်မှာ ပိုမိုအားကောင်းတဲ့ တပ်အင်အား၊ လက်နက်အသစ်တွေနဲ့ တုန့်ပြန်နေရာချလိုက်တာ ဖြစ်ပါတယ်။

ကြာသပတေးနေ့မှာ အမေရိကန်က ဂြိုဟ်တုလွှတ်တင်တာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်ရန် ပစ်မှတ်ထားကာ ပိတ်ဆို့မှုများ ရှောင်လွှဲနိုင်ရန် အကူအညီပေးနေတယ်လို့ စွပ်စွဲထားတဲ့ ပြည်ပအခြေစိုက်အေးဂျင့်များကို ရွေးချယ်သတ်မှတ်လိုက်ပါတယ်။
Source: Reuters
#World_News
#Yangon_Times #Yangon_Media_Group #YMG_News