Published 30 November 2023

မြောက်ကိုရီးယားက ယင်းရဲ့ အချုပ်အခြာ အာဏာအကြောင်း အမေရိကန်နဲ့ ဘယ်တော့မှ ညှိနှိုင်းမှာမဟုတ်ဘဲ ပြောဆိုဆွေးနွေးမှုတွေမှာ အမေရိကန်က မျက်နှာ နှစ်မျိုးလုပ်နေတယ်လို့ ဝေဖန်လိုက်ကာ ဒေသတွင်း စစ်ရေးဆောင်ရွက်မှုများ အရှိန်မြှင့်လုပ်ဆောင်နေကြောင်း KCNA သတင်းဌာနက ကြာသပတေးနေ့မှာ ဖော်ပြလိုက်ပါတယ်။

မကြာသေးမီက မြောက်ကိုရီးယားမှ စပိုင်ဂြိုဟ်တု လွှတ်တင်ခြင်းနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အမေရိကန်ဟာ စံနှစ်မျိုးသတ်မှတ်ချက်တွေ ထုတ်ဖော်ခဲ့တယ်လို့ ပြသခဲ့ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ညီမ ကင်မ်ယိုဂျောင်နဲ့ အထက်တန်းအရာရှိ တစ်ဦးတို့က ပြောကြားခဲ့ပါတယ်။

အလွန်တွေ့ဆုံခဲတဲ့ အမေရိကန်သံအမတ် လင်ဒါသောမတ်စ်ဂရင်းဖီးလ်နဲ့ မြောက်ကိုရီးယား သံအမတ် ကင်မ်ဆောင်တို့ ဆွေးနွေးမှုမှာ နှစ်ဖက်စလုံးက ကာကွယ်ရေး အတိုင်းအတာများ ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ငြင်းခုံခဲ့ကြပါတယ်။

သောမတ်စ်ဂရင်းဖီးလ်ဟာ မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုတွေ ပြန်လည်ပြုလုပ်နိုင်ရန် ကြိုးပမ်းနေပေမယ့် အာကာသဆိုင်ရာ တိုးတက်မှုတွေမှာ အချုပ်အခြာအာဏာ ရပိုင်ခွင့်တွေကိုတော့ ငြင်းပယ်ခဲ့ပြီး မျှတမှုမရှိဘူးလို့ ကင်မ်ယိုဂျောင်က ပြောကြားသွားပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ဂြိုဟ်တုလွှတ်တင်ခြင်းကို ရှုတ်ချဝေဖန်ထားကာ ဒါဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပဋိဉာဥ်စည်းမျဥ်းများကို ချိုးဖောက်ရာကျတယ်လို့ ဆိုပါတယ်။

သံတမန်ရေးဆက်ဆံမှုမှာ အမေရိကန်ရဲ့ ရပ်တည်ပုံ၊ ပြန်လည်ညှိနှိုင်းရန် အားထုတ်ရာမှာ ကိုရီးယားကျွန်းဆွယ်တဝိုက် အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘောများ နေရာချထားပြီး စစ်ရေးအရ ရန်ဆောင်နေတဲ့ပုံတွေနဲ့ ပတ်သက်ပြီး သောမတ်စ်ဂရင်းဖီးလ် သင့်တင့်လျောက်ပတ်စွာ မရှင်းပြနိုင်ခဲ့ဘူးလို ကင်မ်ယိုဂျောင်က ဆိုလိုက်ပါတယ်။

မှီခိုမှုကင်းတဲ့ တိုင်းပြည်တစ်ခုရဲ့ အချုပ်အခြာအာဏာက ညှိနှိုင်းရေးမှာ ခေါင်းစဥ်တစ်ခု မဖြစ်သင့်တာကြောင့် မြောက်ကိုရီးယားအနေနဲ့ ထိုကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဆွေးနွေးမှာ မဟုတ်ကြောင်း၊ အမေရိကန်ရဲ့ စံသတ်မှတ်ချက်တွေက နှစ်မျိုးနှစ်စား ကွဲပြားနေကာ အသာစီးရလိုတဲ့ စရိုက်ကို မြင်တွေ့နေရကြောင်း ပြောပြသွားပါတယ်။

နောက်ထပ် အကြောင်းအရာမှာတော့ လွှတ်တင်ထားတဲ့ဂြိုဟ်တုကနေ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်နေကာ ကင်မ်ဂျုံအန်းက ရိုက်ကူးရရှိတဲ့ ပုံရိပ်များကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ KCNA က ဖော်ပြခဲ့ပါတယ်။
Source: Reuters
#World_News
#Published 30 November 2023
#Yangon_Times #YMG_News #Yangon_Media_Group