#World_News
Published 25 November 2023


မြောက်ကိုရီးယားတို့ရဲ့ စပိုင်ဒုံးပျံဂြိုဟ်တုအသစ်ကနေ ရိုက်ကူးထားတဲ့ အဓိကပစ်မှတ်နေရာတွေရဲ့ ပုံရိပ်တွေကို ခေါင်းဆောင် ကင်မ်ဂျုံအန်းက လေ့လာစစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၂၅ ရက်နေ့မှာ ဖော်ပြထားပါတယ်။

 

ထိုနေရာတွေထဲမှာ တောင်ကိုရီးယားမြို့တော် ဆိုးလ်နဲ့ အမေရိကန် စစ်အခြေစိုက်စခန်းများ လက်ခံထားရှိတဲ့ အခြားမြို့များအားလုံး ပါဝင်နေပါတယ်။

 

ပြုံယမ်းမြို့ အမျိုးသား အာကာသနည်းပညာ စီမံကွပ်ကဲထိန်းချုပ်ရေးစင်တာ (NATA)သို့ ကင်မ်ဂျုံအန်း သွားရောက်လည်ပတ်စဥ် ထိုပုံများကို ကြည့်ရှုခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားအတွင်းရှိ အချို့နေရာများရဲ့ ပုံရိပ်များလည်း ပါဝင်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြထားပါတယ်။

 

သောကြာနေ့ နံနက်ပိုင်း ကိုရီးယားကျွန်းဆွယ်ပေါ်ကနေ ဂြိုဟ်တုဖြတ်သန်းသွားစဥ် ပုံရိပ်များကို ဖမ်းယူရိုက်ကူးခဲ့တာ ဖြစ်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယား စစ်အခြေစိုက်စခန်းများ တည်ရှိရာ ဆိုးလ်နဲ့ မက်ပို၊ ခွန်ဆန်၊ ပြုံတဲ့၊ အိုဆန်တို့ရဲ့ ပုံရိပ်များ ပါဝင်ခဲ့ပါတယ်။

 

NATA က တောင်ကိုရီးယားနေရာတွေရဲ့ ပုံရိပ်တွေနဲ့ ကင်းထောက်ဂြိုဟ်တုရဲ့ ထပ်ဆောင်းချိန်ညှိရေး လုပ်ငန်းစဥ်များအကြောင်းကို ကင်မ်ဂျုံအန်းထံ တင်ပြခဲ့ပြီး စနေနေ့မှာ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

အင်္ဂါနေ့ကလည်း ကင်မ်ဂျုံအန်းဟာ ဂူအမ်ဒေသရှိ အမေရိကန် အဓိကစစ်အခြေစိုက်စခန်းများရဲ့ ဓာတ်ပုံများကို ကြည့်ရှုလေ့လာခဲ့ပါတယ်။

 

နိုဝင်ဘာ ၂၂ ရက် နံနက် ၉ နာရီကျော်မှာ ပစိဖိတ်ဒေသ ဂူအမ်ကောင်းကင်ထက်ကနေ အန်ဒါဆန် လေတပ်အခြေစိုက်စခန်း၊ အေပရာဆိပ်ကမ်း၊ အမေရိကန်တို့ရဲ့ အခြားစစ်စခန်းကြီးများရဲ့ ပုံရိပ်များကို အာကာသကနေ ရိုက်ကူးထားပုံများကို ကင်မ်က ကြည့်ရှုခဲတယ်လို့ KCNA က ဆိုပါတယ်။

 

မြောက်ကိုရီးယားမှ စပိုင်ဂြိုဟ်တု တင်လွှတ်တဲ့အကြောင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဂျင်၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါယိုကိုတို့က တယ်လီဖုန်းဖြင့် ပြောဆိုဆွေးနွေးခဲ့ကြပြီး အပြင်းအထန် ရှုတ်ချပြစ်တင်လိုက်ကာ ဒေသတွင်း ပျက်ပြားမှုကို ဖြစ်လာစေနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့က ဆိုလိုက်ပါတယ်။

 

ကုလသမဂ္ဂ ပဋိဉာဥ်စည်းမျဥ်းများကို ချိုးဖောက်ကာ မြောက်ကိုရီးယားက ပထမဆုံး စပိုင်ဂြိုဟ်တုကို လွှတ်တင်ခဲ့တယ်လို့ ကြေညာပြီးနောက် ကမ္ဘာတဝှမ်းက ဝိုင်းဝန်းရှုတ်ချလိုက်ကြပါတယ်။


#World_News #အဓိကပစ်မှတ်နေရာ #မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်း #Source: WION