Published 14 November 2023
ဟားမတ်စ်စစ်သွေးကြွများကို တိုက်ခိုက်ရာမှာ အစ္စရေးလ်တို့ရဲ့ အဓိကပစ်မှတ်ကြီးဖြစ်တဲ့ ဂါဇာမြို့အဓိကဆေးရုံကြီးရဲ့ ဂိတ်ပေါက်ဝများဆီသို့ တနင်္လာနေ့က အစ္စရေးလ်တင့်ကားများ ချီတက်လာကြပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဆေးရုံတွေကို ကာကွယ်ပေးရမှာဖြစ်ပြီး ကျူးကျော်ဝင်ရောက်မှု အလွန်အကျွံမဖြစ်အောင် ဂရုစိုက်ရမယ်လို့ ပြောကြားလိုက်ပါတယ်။
စစ်ပွဲ ၅ ရက်တာ အပစ်အခတ်ရပ်စဲခွင့်နဲ့ ဂါဇာမှာဖမ်းဆီးထားတဲ့ အမျိုးသမီးများ ကလေးများ အယောက် ၇၀ လွှတ်ပေးရေးတို့ကို လဲလှယ်ရန် အသင့်ဖြစ်နေပြီလို့ ပါလက်စ်တိုင်းစစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။
အဓိကဆေးရုံကြီး အယ်ရှီဖာဆေးရုံထဲမှာ ရှိနေတဲ့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အေရှရက်အယ်ကေဒရာက ပြောကြားရာမှာ ဂါဇာမြောက်ပိုင်းရှိ ဆေးရုံကို အစ္စရေးလ်တို့ ဝန်းရံထားပြီး ဓာတ်အားပြတ်တောက်နေတာကြောင့် ပြီးခဲ့တဲ့ ၃ ရက်အတွင်း လူနာ ၃၁ ဦးသေဆုံးကာ ထိုထဲမှာ မွေးကင်းစကလေးငယ် ၃ ဦးပါဝင်ကြောင်း သိရပါတယ်။
ဆေးရုံထဲမှာ လူနာအနည်းဆုံး ၆၅၀ ခန့် ရှိနေသေးပြီး အခြားဆေးဘက်ဆိုင်ရာစင်တာသို့ ပြောင်းရွှေ့ထွက်ပြေးရန် ကြိုးပမ်းနေကြပါတယ်။
ဟားမတ်စ်စစ်ဌာနချုပ်တွေ ရှိနေတဲ့ လှိုဏ်ခေါင်းတွေပေါ်မှာ ဆေးရုံတည်ရှိနေတာဖြစ်ပြီး ဟားမတ်စ်တို့က လူနာတွေကို လူသားဒိုင်းအဖြစ် အသုံးချနေတယ်လို့ အစ္စရေးလ်တို့က စွပ်စွဲထားကာ ဟားမတ်စ်တို့က ငြင်းဆိုထားပါတယ်။
‘’ဆေးရုံရှေ့မှာ တင့်ကားတွေ ရောက်နေပါတယ်။ လုံးဝပိတ်ဆို့ခံထားရပါတယ်။ ဒီနေရာက အရပ်သားတွေပဲ ရှိတဲ့နေရာဖြစ်ပြီး လူနာတွေ၊ ဆရာဝန်တွေ၊ အခြားအရပ်သားလူတွေပဲ ရှိနေပါတယ်။ ဒါတွေကို ရပ်တန့်ပေးဖို့ လိုအပ်နေပါတယ်။ အသက်ရှင်ဖို့တောင် ခက်ခဲနေပါတယ်။’’ လို့ ဆေးရုံမှ ခွဲစိတ်ဆရာဝန် အာမက်အယ်မိုခယ်လယ်လာတီက တယ်လီဖုန်းဖြင့် ပြောဆိုခဲ့ပါတယ်။
‘’ဆေးရုံတွေမှာ ကျူးကျော်မှု အလွန်အကြူး မဖြစ်စေဖို့မျှော်လင့်ပြီး အစ္စရေးလ်တို့နဲ့ ဆက်ပြီးဆက်သွယ်နေပါတယ်။ အပစ်အခတ် ရပ်စဲရေးနဲ့ ဓားစာခံပြန်လွှတ်ရေးတို့ကို ညှိနှိုင်းတာတွေ ရှိနေပြီး ဘယ်လိုပဲဖြစ်ဖြစ် ဆေးရုံတွေကိုတော့ အကာအကွယ် ပေးရပါမယ်’’ လို့ ဘိုင်ဒင်က သတင်းထောက်များကို ပြောကြားသွားပါတယ်။
အစ္စရေးလ်ဘက်က ပြောကြားရာမှာ ဟားမတ်စ်တို့က ဆေးရုံတွေကို စစ်ဘက်ဆိုင်ရာဌာနများအဖြစ် အသုံးချနေကြပြီး ဆေးရုံတစ်ခုရဲ့ မြေအောက်ခန်းထဲမှာ လက်နက်တွေ သိမ်းဆည်းထားတဲ့ ဗီဒီယိုပုံတွေ၊ ဓာတ်ပုံတွေကို အစ္စရေးလ်တို့က ထုတ်ဖော်ပြသလိုက်ပါတယ်။
‘’ရန်သူတွေက ဂါဇာရှိ ဓားစာခံအယောက် ၁၀၀ လွှတ်ပေးဖို့ တောင်းဆိုပေမယ့် ၅ ရက်တာ အပစ်အခတ် ရပ်စဲရေးနဲ့ အယောက် ၅၀ လွှတ်ပေးဖို့ ကြားဝင်ညှိနှိုင်းသူတွေကို ဖြေကြားထားပါတယ်’’ လို့ ဟားမတ်စ်လက်နက်ကိုင် အယ်ကာဆန်တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ အဘူအူဘိုင်ဒါက ပြောပြသွားပါတယ်။
အပစ်အခတ် ရပ်စဲဖို့ကို အစ္စရေးလ်တို့က ငြင်းဆိုထားကာ ဟားမတ်စ်တို့က တပ်ပြန်စုစည်းသွားဖို့ အခွင့်ရသွားနိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လူသားချင်းစာနာကူညီမှုကိုတော့ ခွင့်ပြုထားကာ စားနပ်ရိက္ခာနဲ့ အခြားထောက်ပံ့ပစ္စည်းများ ပို့ဆောင်ခွင့်ပြုထားပါတယ်။
အစ္စရေးလ် လက်ဖြောင့်စနိုက်ပါများနဲ့ ဒရုန်းများက ဆေးရုံထဲသို့ ပစ်ခတ်နေတာကြောင့် အထဲကလူတွေ မရွေ့နိုင်ဖြစ်နေတယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကိုင်ဒရာက ပြောပြခဲ့ပါတယ်။
ဆေးရုံကနေ အရပ်သားတွေ ထွက်ခွာရန်နဲ့ လူနာတွေကို အခြားနေရာများသို့ ရွှေ့ရန် အစ္စရေးလ်တို့က မှာကြားထားပါတယ်။
Source: Reuters
#World_News
#YMG #Yangon_Times #Yangon_Media_Group