#World_Health
Published 11 November 2023

အရက်သမားတစ်ယောက် ဖြစ်လာစေနိုင်တဲ့ အခြေအနေတွေကို ဗြိတိန်မှ ဒေါက်တာ ဒေ့ဗ်နီကိုးစ်က The Sun သတင်းစာကို ပြောပြခဲ့ပါတယ်။

 

လူအတော်များများက အသောက်များနေပြီဆိုတာကို သိရှိကြပေမယ့် အန္တရာယ်ဖြစ်လောက်တဲ့အထိ ဖြစ်နေကြတာကို မသိကြဘူးလို့ ရှင်းပြသွားပါတယ်။

 

အရက်သမား ဖြစ်လာနိုင်တဲ့ လက္ခဏာတွေကတော့..

 

-        သတိမထားမိဘဲ နေ့စဥ်အရက်သောက်မိခြင်း

 

-        မကြာခဏ သောက်စားပျော်ပါးခြင်း

 

-        အရက်ပါမှ လူမှုပေါင်းသင်းဆက်ဆံခြင်း

 

-        နေ့ခင်းဘက် မကြာခဏသောက်ခြင်း

 

-        အခြားသူများ မသောက်တဲ့အခါ ကသိကအောက်ဖြစ်ခြင်း

 

-        ညွှန်ကြားထားတဲ့ ပမာဏထက် ပိုသောက်သုံးခြင်းတို့ ဖြစ်ပါတယ်။

 

ဂရမ်မီဆု ၁၆ ကြိမ်ရ အဆိုတော် အဒဲလ်ဟာ အသက် ၂၀ အရွယ်က အရက်သမား ဖြစ်လုနီးပါးဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

 

ပျော်ပါးသောက်စားခြင်းဟာလည်း သွေးထဲက အယ်ကိုဟောပမာဏ(BAC)ကို ၀.၀၈ ရာခိုင်နှုန်းထက် ပိုများစေတဲ့ အရက်သောက်ခြင်းမျိုး ဖြစ်တယ်လို့ အရက်စွဲလမ်းခြင်းဆိုင်ရာ အမျိုးသားအဖွဲ့အစည်းက ဆိုပါတယ်။

 

ဒါဟာ အချိန် ၂ နာရီအတွင်း အမျိုးသားများ ၅ ခွက်နဲ့အထက် ဒါမှမဟုတ် အမျိုးသမီးများ ၄ ခွက်နဲ့အထက် သောက်သုံးခြင်းနဲ့ သက်ဆိုင်နေပါတယ်။

 

အမေရိကန် အာဟာရဆိုင်ရာ လမ်းညွှန်ချက်များအရ အမျိုးသမီးတွေက တစ်နေ့ ၁ ခွက်၊ အမျိုးသားတွေက တစ်နေ့ ၂ ခွက်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။

 

အချို့ကျန်းမာရေး ပညာရှင်များကတော့ ကျန်းမာရေးအတွက် အကောင်းဆုံးက ထိုထက်ပိုပြီး လျှော့သောက်သင့်တယ်လို့ ဆိုပါတယ်။

 

အောက်စ်ဖို့ဒ်တက္ကသိုလ် လေ့လာချက်အရ အရက်သောက်ခြင်းကြောင့် တရုတ်အမျိုးသားတွေမှာ ရောဂါပေါင်း ၆၀ ကျော် ဖြစ်နိုင်ခြေများစေကြောင်း တွေ့ရှိထားပါတယ်။

 

ပိုလန်နိုင်ငံမှ တက္ကသိုလ်တစ်ခုရဲ့ လေ့လာချက်အရ အရက်တစ်ခွက်သောက်လျှင်ပင် အခြားသူများကို ဘေးအန္တရာယ် ပြုစေနိုင်ပြီး မသင့်လျော်တဲ့ အပြုအမူ လုပ်စေနိုင်ကြောင်း သိရှိရပါတယ်။

 

#World_Health #အရက်သမား #လက္ခဏာရပ် #Source: New York Post