Published 17 October 2023

ကောင်းစွာ အိပ်စက်စေနိုင်မယ့် နည်းလမ်းတွေထဲမှာ ပုံမှန်အိပ်ချိန်ထားရှိခြင်း၊ အလင်းကာလိုက်ကာများ တပ်ဆင်ခြင်း၊ အိပ်ရာဝင်ခါနီး အီလက်ထရွန်နစ်ပစ္စည်းများ အသုံးမပြုခြင်းတို့ကို သိထားကြပေမယ့် လူသိနည်းသေးတဲ့ အချက်တစ်ချက်ကတော့ ခြေထောက်နွေးထွေးအောင် ထားရှိခြင်းပါပဲ။

အိပ်တဲ့အခါ ခြေအိတ်ဝတ်အိပ်သူတွေ၊ ခြေထောက်ကို နွေးထွေးအောင် ထားတဲ့သူတွေဟာ ပိုမိုလျင်မြန်စွာ အိပ်ပျော်သလို ကြာရှည်စွာ အိပ်စက်နိုင်ကြတယ်လို့ လေ့လာချက်တွေမှာ တွေ့ရှိထားပါတယ်။

အိပ်စက်တဲ့အခါ ခြေထောက်နွေးထွေးအောင် ထားခြင်းက ကိုယ်တွင်းအပူချိန်ကို လျော့ကျစေကာ စိတ်ခန္ဓာ ပြေလျော့စေတာကြောင့် ကောင်းစွာ အိပ်စက်စေတယ်လို့ ဆန်ဖရန်ဆစ္စကိုအခြေစိုက် ဇီဝဆေးပညာ သိပ္ပံပညာရှင် ဒေါက်တာဘီကန်လောင်က ပြောပြခဲ့ပါတယ်။

ကိုယ်တွင်းအပူချိန်က အိပ်စက်နိုးကြားခြင်း စက်ဝန်းကို ထိန်းညှိရာမှာ အဓိကကျတယ်လို့ ဆိုပါတယ်။

ကိုယ်တွင်းအပူချိန်က စတင်အိပ်စက်စဥ်မှာ စတင်ကျဆင်းလာပြီး နံနက်ခင်းအစောပိုင်းမှာ အနိမ့်ဆုံးဖြစ်သွားကြောင်း၊ အပူချိန်ကျဆင်းတဲ့အခါ ခန္ဓာကိုယ်က ပြေလျော့ပြီး အိပ်ပျော်နေစေကြောင်း ရှင်းပြခဲ့ပါတယ်။

အပူပေးအခင်းပြား အသုံးပြုခြင်း၊ ရေနွေးဖြင့်ရေချိုးခြင်း၊ ခြေထောက်နှိပ်နယ်ခြင်း၊ ခြေအိတ်ဝတ်ဆင်ခြင်းတို့ဖြင့် ခြေထောက်သွေးကြောတွေကို ကျယ်စေကာ သွေးပိုရောက်စေပါတယ်။

ခန္ဓာကိုယ်အခြားနေရာတွေမှ သွေးတွေက ခြေထောက်ပိုရောက်စေပြီး ခန္ဓာကိုယ်အပူကို ဖယ်ရှားပေးတာကြောင့် ကိုယ်တွင်းအပူချိန်ကို ကျဆင်းစေတာ ဖြစ်ပါတယ်။

သွေးလည်ပတ်မှု မကောင်းတဲ့သူတွေမှာလည်း ခြေတွေလက်တွေထံ သွေးလှည့်ပတ်မှု ကောင်းစေမှာ ဖြစ်ပါတယ်။

ခြေထောက်ကို နွေးထွေးအောင် ထားခြင်းဖြင့် အိပ်စက်ခြင်းကို အထောက်အကူ ဖြစ်စေပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်တာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။

ခြေထောက်ကို နွေးထွေးအောင် ပြုလုပ်ရာမှာ အပူလွန်ကဲတာမျိုး၊ မနေနိုင်လောက်အောင် ဖြစ်တာမျိုးကိုတော့ ရှောင်ရှားသင့်ပါတယ်။

ဒါကြောင့် မိမိအတွက် ပိုမိုသင့်လျော်တဲ့ နည်းလမ်းဖြင့်သာ မိမိသက်သာသလို ပြုလုပ်ရန် အရေးကြီးတယ်လို့ အနှစ်ချုပ်ပြောကြားသွားပါတယ်။
Source: New York Post
#World_Health
#YMG #Yangon_Times