#World_News
Published 11 October 2023


ပါလက်စ်တိုင်း စစ်သွေးကြွ ဟားမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို ဒီထက်ပိုပြီး တုန့်ပြန်တဲ့အနေနဲ့ မြေပြင်ထိုးစစ်ဆင်မှုများ ပြုလုပ်သွားမယ်လို့ အစ္စရေးလ်က အခိုင်အမာဆိုလိုက်ပါတယ်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးလ်ကို ထောက်ပံ့သွားမယ်လို့ ကတိပြုလိုက်ကာ ယခုဖြစ်ရပ် အခြေအနေကို အခွင့်ကောင်းယူရန် ကြံစည်နေတဲ့သူမှန်သမျှကို သတိပေးလိုက်ပါတယ်။

 

ဟားမတ်စ်တို့ နေထိုင်အခြေချခဲ့တဲ့ ဂါဇာမြို့နေရာတဝိုက်မှာ အစ္စရေးလ် တိုက်လေယာဥ်ဒါဇင်ခန့်က ပစ်မှတ်ပေါင်း ၂၀၀ ကျော်ကို ညတွင်းချင်း တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်က ပြောကြားလိုက်ပါတယ်။

 

ထိုဒေသအတွင်း အနည်းဆုံး လူ ၉၀၀ သေဆုံးထားကာ ၄,၆၀၀ ခန့် ဒဏ်ရာရရှိထားကြောင်း ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ပြောပြလိုက်ပါတယ်။

 

စနေနေ့က ဂါဇာကမ်းမြောင်မှ ဟားမတ်စ်သေနတ်ကိုင်တွေဟာ အစ္စရေးလ်တောင်ပိုင်းနေရာများကို ဝင်ရောက်သောင်းကျန်းခဲ့ပြီး အစ္စရေးလ်သမိုင်းတလျှောက် ပါလက်စ်တိုင်း စစ်သွေးကြွများမှ ကျူးလွန်တဲ့ အပျက်အစီးအများဆုံး တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။

 

ယခုသီတင်းပတ်အကုန်မှာ သေဆုံးသူအရေအတွက် ၁,၂၀၀ ရှိသွားပြီလို့ အစ္စရေးလ်ရုပ်သံ Kan မှ ဖော်ပြခဲ့ပါတယ်။

 

တိုက်ခိုက်ခံရသူ အများစုက အရပ်သားတွေဖြစ်ပြီး အိမ်တွေ လမ်းတွေ ပါတီပွဲတွေမှာ ပစ်သတ်ခံရတာ ဖြစ်ပါတယ်။

 

အစ္စရေးလ်လူမျိုး အများအပြားနဲ့ နိုင်ငံခြားသားအချို့ကိုလည်း ဖမ်းဆီးသွားပြီး ဂါဇာသို့ ဓားစာခံများအဖြစ် ခေါ်ဆောင်သွားပါတယ်။

 

ဂါဇာရှိအိမ်များကို သတိပေးခြင်းမပြုဘဲ တိုက်ခိုက်တိုင်း ဖမ်းဆီးထားတဲ့ ဓားစာခံများကို သတ်ပစ်မယ်လို့ ဟားမတ်စ်စစ်သွေးကြွတွေက တနင်္လာနေ့မှာ ခြိမ်းခြောက်ထားပေမယ့် အင်္ဂါနေ့ညအထိ ဒီလိုအရိပ်အယောင် မတွေ့ရပါဘူး။

 

အစ္စရေးလ်ကာကွယ်ရေးဝန်ကြီး ယို့ဗ်ဂဲလန့်က ‘’ကျုပ်တို့ လေကြောင်းကနေ စတင်တိုက်ခိုက်ခဲ့ပါတယ်။ ဒီနောက် မြေပြင်ကနေလည်း တိုက်ခိုက်သွားဦးမှာပါ။ ဒုတိယနေ့ကတည်းက ထိုနေရာကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး ထိုးစစ်ဆင်မှုက ဒီထက်ပိုပြီး ပြင်းထန်လာဖို့ပဲ ရှိပါတယ်’’ လို့ ပြောကြားသွားပါတယ်။

 

အစ္စရေးလ်တွေဟာ ဂါဇာမှာ ၃၈ နှစ်ကြာ သိမ်းပိုက်ထားပြီးနောက် ၂၀၀၅ ခုနှစ်မှာ တပ်ဆုတ်ခွာခဲ့ပါတယ်။

 

ထိုနေရာမှာပဲ ၂၀၀၇ ခုနှစ်မှာ ဟားမတ်စ်တို့ အုပ်စိုးစဥ်ကတည်းက ပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။

 

အစ္စရေးလ် မြောက်ပိုင်းနယ်စပ်မှာလည်း လက်ဘနွန်တောင်ပိုင်းကနေ ဒုံးကျည်များ ပစ်ခတ်နေခဲ့ရာ အစ္စရေးလ်ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ လုံခြုံရေး သတင်းရင်းမြစ် ၃ ဦးထံမှ သိရှိရပါတယ်။

 

ဘိုင်ဒင်က ဟားမတ်စ်တို့ရဲ့ လုပ်ရပ်ဟာ အလွန်ဆိုးရွားကြောင်း၊ အစ္စရေးလ်အတွက် နောက်ထပ် စစ်ရေးထောက်ပံ့မှုများ အလျင်အမြန် လုပ်ဆောင်နေကြောင်း အိမ်ဖြူတော်ကနေ ပြောကြားလိုက်ကာ စစ်ပွဲဥပဒေဘောင်အတွင်းကနေသာ တုန့်ပြန်ဆောင်ရွက်သွားရန် အစ္စရေးလ်ကို တောင်းဆိုလိုက်ပါတယ်။

 

အီရန်ဘက်က ဟားမတ်စ်တို့ကို ကာလကြာရှည်စွာ ထောက်ပံ့နေတာကို ထောက်ပြချင်ပေမယ့် အဆိုပါ တိုက်ခိုက်အကြမ်းဖက်မှုကို အီရန်က ကြိုးကိုင်တယ်ဆိုတဲ့ အထောက်အထားတော့ အမေရိကန်အရာရှိတွေ မတွေ့ရှိထားပါဘူး။

 

#World_News #မြေပြင်ထိုးစစ်ဆင်ရန် #အစ္စရေးလ်ပြင်ဆင်နေ
#Source: Reuters