Published 06 October 2023
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဒေါ်လာ ၁၂.၆၅ ဘီလီယံတန်ကြေးရှိ ပထမဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက် ရုရှားထံမှ ယူရေနီယံလောင်စာ ပထမအကြိမ်တင်ပို့မှုကို ကြာသပတေးနေ့က လက်ခံရရှိခဲ့ပါတယ်။
ဒီအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်တဲ့ ၃၃ နိုင်ငံမြောက် ဖြစ်လာပါတယ်။
တောင်အာရှမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရုရှားနိုင်ငံပိုင် Rosatom အဏုမြူကုမ္ပဏီနဲ့ ပူးပေါင်းပြီး ပထမဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ နှစ်ခုကို ဆောက်လုပ်နေတာ ဖြစ်ပါတယ်။
အဆိုပါ စီမံကိန်းရဲ့ ၉၀ ရာခိုင်နှုန်းကို ၁၀ နှစ်ထပ်မံရွှေ့ဆိုင်းနိုင်ကာ ၂၈ နှစ်အတွင်း ပြန်လည်ပေးဆပ်ရမယ့် ရုရှားချေးငွေဖြင့် အဓိကပံ့ပိုး တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ယနေ့ဟာ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေ ဂုဏ်ယူပျော်ရွှင်ရမယ့် နေ့ဖြစ်တယ်လို့ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဗီဒီယိုဆွေးနွေးပွဲမှာ ပြောကြားခဲ့သလို ဘင်္ဂလားဒေ့ရှ်ရှိ ရုရှားသံရုံးကလည်း နျူကလီးယားလောင်စာ ပေးပို့ခြင်းအခမ်းအနားလို့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြခဲ့ပါတယ်။
ဇန်နဝါရီလမှာ ပြုလုပ်ရန် စီစဥ်ထားတဲ့ ရွေးကောက်ပွဲတွေကို တရားမျှတလွတ်လပ်စွာ ကျင်းပပေးရန် အမေရိကန်က ဘင်္ဂလားဒေ့ရှ်အစိုးရကို ဖိအားပေးနေပြီး ဘင်္ဂလားဒေ့ရှ် အရာရှိအချို့နဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်အချို့တို့ကို အမေရိကန်က ဗီဇာပိတ်ဆို့မှုများ ချမှတ်ထားပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က ပြီးခဲ့တဲ့လက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်ခဲ့ကာ ရုရှားနိုင်ငံဟာ ယူကရိန်းစစ်ပွဲကြောင့် အနောက်တိုင်းနိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ကြုံနေရပေမယ့် စီမံကိန်း အချိန်မီပြီးမြောက်ရန် အာမခံကြောင်း ပြောကြားခဲ့ပါတယ်။
အဆိုပါ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးဟာ ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်တွေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် နှောင့်နှေးခဲ့ရပါတယ်။
ရုရှားအပေါ် ချမှတ်ထားတဲ့ အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စက်ရုံတည်ဆောက်ရေးအတွက် ပစ္စည်းကိရိယာများ သယ်ဆောင်လာတဲ့ ရုရှားသင်္ဘောတစ်စင်းကို ဘင်္ဂလားဒေ့ရှ်က ဒီဇင်ဘာလမှာ ဝင်ခွင့်မပေးခဲ့ပါဘူး။
ဓာတ်အားထုတ်လုပ်နိုင်စွမ်း ၂,၄၀၀ မဂ္ဂါဝပ်ရှိတဲ့ ပထမဆုံးစက်ရုံဟာ နောက်နှစ်ဇူလိုင်လမှာ စတင်လည်ပတ်နိုင်ဖို့ မျှော်မှန်းထားပေမယ့် ချေးငွေပြန်ဆပ်ခြင်းကိစ္စများကြောင့် အခက်အခဲတွေ ကြုံနေရပါတယ်။
ရိုက်တာသတင်းဌာနရဲ့ အစိုးရအချက်အလက် ဆန်းစစ်ရေးအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း လျှပ်စစ်ဓာတ်အား အဆိုးရွားဆုံးပြဿနာ ကြုံတွေ့နေရကာ တိုင်းပြည်ရန်ပုံငွေကျဆင်းလာမှု၊ ငွေကြေးတန်ဖိုး ကျဆင်းလာမှုတို့ကြောင့် လောင်စာတင်သွင်းခြင်းအတွက် ငွေပေးချေရန် ခက်ခဲနေတဲ့အပြင် ဆိုးရွားတဲ့ ရာသီဥတုဒဏ်လည်း ခံစားနေရပါတယ်။
Source: Reuters
#World_News
#YMG #Yangon_Times #Yangon_Media_Group