#World_Health
Published 30 September 2023
ကော်ဖီသောက်ခြင်းဖြင့် မနက်ခင်းမှာ နိုးကြားမှုကို ပေးစွမ်းနိုင်သလို အစာခြေစနစ်ကိုလည်း လှုံ့ဆော်ပေးတဲ့အပြင် အစာခြေနှုန်း၊ အစားအစာများမှ အာဟာရဓာတ်များ စုပ်ယူမှုကိုလည်း သက်ရောက်နေပါတယ်။
ဒါ့အပြင် ကဖင်းဓာတ်ဟာ အချို့ဆေးဝါးတွေနဲ့ အပြန်အလှန်သက်ရောက်မှုရှိပြီး ဆေးဝါးစုပ်ယူနိုင်စွမ်းကို သက်ရောက်စေပါတယ်။
(၁) စိတ်ကျရောဂါသက်သာဆေးများ
ယခုဆယ်စုနှစ်များအတွင်း အဆိုပါဆေးဝါးများကို အများအပြား သုံးစွဲလာကြပြီး ကော်ဖီက ဒီဆေးတွေရဲ့ စုပ်ယူနိုင်စွမ်းနဲ့ ထိရောက်မှုအပေါ် သက်ရောက်နေတာကို သိရှိထားဖို့ အရေးကြီးပါတယ်။
ဖလူဗိုဇမင်းလို ဆေးမျိုးဆိုရင် ကဖင်းဓာတ်ကို ပိုမိုတုန့်ပြန်စေကာ အိပ်မပျော်ခြင်း၊ နှလုံးခုန်မြန်ခြင်းတို့ကို ပိုဆိုးစေတတ်ပါတယ်။
ဒါကြောင့် စိတ်ကျရောဂါသက်သာဆေးများကို ကော်ဖီနဲ့ အနည်းဆုံး ၁နာရီခြားပြီး သောက်သုံးသင့်ပါတယ်။
(၂) သွေးပေါင်ချိန်ထိန်းဆေးများ
သွေးကျဆေးတွေဟာ နှလုံးခုန်နှုန်းကျစေပြီး နှလုံးမှ သွေးညှစ်ထုတ်အားကို လျော့ကျစေပါတယ်။
အမ်လိုဒီပင်းလို ဆေးကို ကော်ဖီနဲ့ တွဲဖက်သောက်သုံးပါက ဆေးစုပ်ယူနိုင်စွမ်းကို လျော့ကျစေပြီး အာနိသင်ကိုပါ ယုတ်လျော့စေပါတယ်။
(၃) ပန်းနာရင်ကြပ်ဆေးများ
ရင်ကြပ်ဝေဒနာကြောင့် အမိုင်နိုဖိုင်လင်း၊ သီယိုဖိုင်လင်းလို ဆေးတွေ အသုံးပြုနေရသူတွေအတွက် ဆေးရဲ့အလုပ်လုပ်ပုံကို နားလည်ထားဖို့ လိုအပ်ပါတယ်။
ထိုဆေးတွေမှာ အသက်ရှူလမ်းကြောင်းကို ကျယ်စေကာ အသက်ရှူရလွယ်ကူစေတဲ့ စတီးရွိုက်တွေ ပါဝင်ပေမယ့် ခေါင်းကိုက်ခြင်း၊ ကဏာမငြိမ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်းတို့ ဖြစ်စေတတ်ပါတယ်။
ကော်ဖီနဲ့ အချို့သော အချိုရည်သောက်ခြင်းဖြင့် ထိုဘေးထွက်ဆိုးကျိုးတွေကို ပိုမိုဆိုးရွားစေကာ ဆေးစုပ်ယူနိုင်စွမ်းကို ကျဆင်းစေနိုင်ပါတယ်။
(၄) ဆီးချိုကုသမှုများ
ကဖင်းဓာတ်ပါဝင်တဲ့ သောက်စရာတွေကြောင့် အင်ဆူလင်နဲ့ သွေးတွင်းသကြားဓာတ်ကို မြင့်မားစေနိုင်ပါတယ်။
ဒါကြောင့် ကော်ဖီသောက်တဲ့အခါ သကြားဓာတ် ထိန်းချုပ်ရန် ခက်ခဲလာပြီး ဆီးချိုရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာတတ်ပါတယ်။
ဒါ့အပြင် ကော်ဖီထဲမှာ နို့ထည့်သောက်သုံးခြင်းကလည်း သွေးတွင်းသကြားဓာတ်ကို ပိုမိုမြင့်တက်စေပြီး ဆီးချိုသက်သာဆေးဝါးများရဲ့ အာနိသင်ကို လျော့ကျစေနိုင်ပါတယ်။
(၅) အအေးမိဖျားနာပျောက်ဆေးဝါးများ
အအေးမိခြင်း ဖျားနာခြင်းတို့အတွက် သောက်သုံးရတဲ့ဆေးတွေဟာ စတီးရွိုက်၊ ဆူဒိုအက်ဖက်ဒရင်း ဟိုက်ဒရိုကလိုရိုက်တို့လို အရာတွေပါဝင်ပြီး ဗဟိုအာရုံကြောစနစ် လှုပ်ရှားမှုကို မြင့်မားစေပါတယ်။
ထိုဆေးတွေကို ကော်ဖီနဲ့ သောက်သုံးမိရင် ဆေးတွေရဲ့ အာနိသင်ကို မြှင့်တင်ပေးပြီး ကဏာမငြိမ်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အိပ်မပျော်ခြင်းတို့ကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
#World_Health #ကော်ဖီ #ဆေးဝါး(၅)မျိုး #Source:_The_Jerusalem_Post